News

POST TYPE

NEWS

ထိုင်းတွင် လူကုန်ကူးခံရသည့်မြန်မာ ၇၅ ဦးကို မြန်မာဘက်သို့လွှဲပြောင်း
29-Jun-2020
ရန်ကုန်၊ဇွန် ၂၉

အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၇၅ ဦးသည် မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ မှ ပြန်လည်ဝင်ရောက်လာသကဲ့သို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၅၀ဝကျော်သည်လည်း ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း ဦးသန့်ဇင်အောင်က ထပ်လောင်းပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာသူများကို Fever Surveillance ပြုလုပ်ခဲ့ပြီး မြဝတီမြို့ MOU Facility Quarantine Centre တွင် သီးခြားအသွားအလာကန့်သတ်ခြင်း ၂၁ ရက်ခံယူစေမည်ဖြစ်ပြီး ငါးရက်မြောက်နေ့ သို့မဟုတ် ခုနှစ်ရက်မြောက်နေ့တို့တွင် ၎င်းတို့ထံမှ အာခေါင်တို့ဖတ်နမူနာများရယူကာ သက်ဆိုင်ရာဓါတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်အောင်က ဆိုသည်။

“အားလုံးပေါင်းဆိုရင် ဒီနေ့ဝင်ရမှာက ၇၉ ဦး။ဒါပေမယ့် ဟိုဘက်မှာအမှုကိစ္စမပြတ်သေးလို့ ကျန်နေခဲ့တာ ၄ ဦးကျန်ခဲ့သေးတယ်။သူတို့ကို သက်ဆိုင်ရာနေရာမှာ သီးခြားထားပြီးရင် အဖြေတစ်ခုခုရမှ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်တွေကို ပြန်စေလွှတ်မှာပါ”ဟု ဦးသန့်စင်အောင်က ပြောကြားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မတ်လ ၂၁ ရက်နေ့မှ ဧပြီလဆန်းပိုင်းအထိ မြဝတီမြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ မှ တစ်ကြိမ်ဝင်ရောက်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ ဝင်ရောက်ခဲ့သည့်အရေအတွက်မှာ စုစုပေါင်း ၃၆၀ဝ၀ ကျော်ရှိပြီဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများရှိနေသေးသော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများထဲမှသာ ရောဂါပိုးစစ်ဆေးတွေ့ရှိနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှပြန်လာသူများထဲမှ ၁၉ ဦးသည် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

S-09