News

POST TYPE

NEWS

အမြန်လမ်းတွင် သုံးနှစ်ကျော်ကာလအတွင်း ဆိုင်ကယ်နှင့်ပတ်သက်သည့် ယာဉ်တိုက်မှုကြောင့် ၈၉ ဦးသေဆုံး
29-Jun-2020
ဓာတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ့

နေပြည်တော်၊ ဇွန် ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ၂၀၁၇ ခုနှစ်မှ ယခုနှစ်မေလကုန်အထိ သုံးနှစ်ကျော်ကာလအတွင်း ဆိုင်ကယ်နှင့် ဖြစ်သည့် ယာဉ်တိုက်မှုများကြောင့် အမျိုးသား၊ အမျိုးသမီး ၈၉ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

"ဆိုင်ကယ်တက်မောင်းလို့ ယာဉ်တိုက်မှုဖြစ်ရင် ဆိုင်ကယ်သမားကို အရေးယူရတယ်။ ဥပမာ ဆိုင်ကယ်နဲ့ကားတိုက်လို့ သေသွားရင်တောင် သေတဲ့ဆိုင်ကယ်သမားကို ဥပဒေပုဒ်မ ၃၀၄-က နဲ့ အရေးယူတယ်။ သာမန်ထိခိုက်ဒဏ်ရာဆိုရင်တောင် အမြန်အက်ဥပဒေပုဒ်မ ၁၈ နဲ့အမှုဖွင့်ရမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဇာနည်မောင်က ပြောကြားသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်မေလအထိ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုအရေအတွက် ၂၅၄ မှု၊ သေဆုံးသူ အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၇၅ ဦး စုစုပေါင်း ၈၉ ဦးရှိခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား၊ အမျိုးသမီး ၂၉၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုပမာဏ ငွေကျပ် ၃၁,၂၄၂,ဝ၀ဝ ရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမြန်လမ်းမကြီးများဥပဒေအရ အမြန်လမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင်၊ လှည်း၊ တိရစ္ဆာန်၊ အနှေးယာဉ်များ ဖြတ်သန်းခြင်း၊ သွားလာခြင်း ၊ နားနေခြင်းများမပြုလုပ်ရန် တားမြစ်ထားသည်။

အမြန်လမ်းရဲတပ်ဖွဲ့အနေနှင့် လမ်းမကြီးနှင့်ထိစပ်နေသည့် ကျေးရွာများမှ ပြည်သူများကို ယာဉ်အန္တရာယ်ကင်းရှင်းရေး နှစ်စဉ်အသိပညာပေးဆောင်ရွက်မှုများ ဆောင်ရွက်နေသည်။ 

ကောင်းလကျာ် (VOM)