News

POST TYPE

NEWS

ရွှေဝါရောင်ဆရာတော်ဦးစိန္တိတအမှု တရားလိုဒုတိယဗိုလ်မှူးကြီးကို စတင်စစ်ဆေး
24-Jun-2020


မန္တလေး၊ ဇွန် ၂၄

မန္တလေးမြို့မှ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သည့် အရှင်စိန္တိတကို တပ်မတော်အရာရှိတစ်ဦးက ၆၆(ဃ) ဖြင့် တရားစွဲထားမှု  နှင့်ပတ်သက်၍ တရားလိုဖြစ်သူဒုတိယဗိုလ်မှူးကြီးကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ ဇွန်လ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည်။

မိမိသည် အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကွပ်ကဲမှုအောက် အမှတ် ၂ ပင်မအလုပ်ရုံ (လျှပ်/စက်)တွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ပြီး Thant Zaw Oo အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာကိုကြည့်ရှုကြောင်း၊ ယင်းသို့ ကြည့်ရှုနေစဉ် Ven Sein Tita အမည်ဖြင့်အသုံးပြုနေသူ၏ Facebook အကောင့်တွင် တပ်မတော်အကြီးအကဲများနှင့် တပ်မတော်သားများ၏ ဂုဏ်သရေကိုပျက်ပြားစေသည့် စာသားများ လူမှုကွန်ရက်ပေါ်၌ ရေးသားထားသည်ကိုတွေ့ရှိခဲ့ရသဖြင့် အမှုဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက တရားခွင်တွင် ထွက်ဆိုခဲ့သည်။

ရွှေဝါရောင်ဆရာတော်အရှင်စိန္တိတသည် ၂၀၁၉ ခုနှစ် မတ်လနှင့်ဧပြီလအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တပ်မတော်သားများ အသရေပျက်စေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားဖော်ပြခဲ့သည်ဟု ဆိုကာ မန္တလေးမြို့ အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်/စက်) တပ်မှ ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးထံမှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့က တရားလိုဖြစ်သူဒုတိယဗိုလ်မှူးကြီးကို စစ်ဆေးခဲ့သော်လည်း ယင်းအမှုကိုတာဝန်ယူထားသည့် ပြည်ကြီးတံခွန်မြို့နယ် ဥပဒေအရာရှိ အပြောင်းအလဲရှိနေသောကြောင့် ဇူလိုင်လ ၉ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ယင်းမြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦး က ပြောကြားသည်။

ရုံးချိန်းပြီးချိန်၌ တရားစွဲထားမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူဒုတိယဗိုလ်မှူးကြီးကို သတင်းမီဒီယာများကမေးမြန်းခဲ့ရာတွင်  မိမိအနေဖြင့် သီးခြားပြောစရာမရှိဟုသာ ၎င်းကဖြေကြားခဲ့သည်။

ယင်းအမှုကို  ပြည်ကြီးတံခွန်မြို့နယ်တရားတွင် မတ်လ ၁၉ ရက်နေ့ကစ၍ တရားစွဲတင်ခဲ့ရာ ဆရာတော်က ကျပ်သိန်း ၅၀ ခံဝန်ဖြင့်  အာမခံရယူခဲ့သည်။

“ဒီနေ့ကတော့ တရားလိုကိုစစ်တာပါပဲ။ ဘာကြောင့် အမှုဖွင့်တရားစွဲဆိုရတယ်ဆိုတာ ထွက်ဆိုတာပါပဲ။ ဥပဒေအရာရှိ အပြောင်းအလဲကြောင့် တရားလိုကို ခဏစစ်ပြီး ပြန်ချိန်းလိုက်တယ်”ဟု အမှုရင်ဆိုင်နေရသူ ဆရာတော်ဦးစိန္တိကက မိန့်ကြားသည်။

ဗိုလ်မှူးကြီးသန့်ဇော်ဦးအနေနှင့် ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့ကလည်း ဆရာတော်အရှင်စိန္တိတကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခဲ့ဖူးရာ စက်တင်ဘာလတွင် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ပယ်ချခဲ့သည်။

S-02