News

POST TYPE

NEWS

SME ချေးငွေများကိုပြန်မပေးနိုင်မည်စိုး၍ မယူခြင်းသည် တာဝန်သိစိတ်ဓာတ်ဟု အတိုင်ပင်ခံပြောကြား
24-Jun-2020


ရန်ကုန်၊ ဇွန် ၂၃

ကိုဗစ်ကာလအတွင်း ချေးငွေများကို ပြန်မပေးနိုင်မည်စိုး၍ မချေးယူခြင်းသည် ကောင်းသည့်စိတ်ဓာတ်၊ တာဝန်သိသည့်စိတ်ဓာတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါအကြောင်းအရာကို ဇွန်လ ၂၃ ရက်နေ့က COVID-19 နှင့် ကုန်သွယ်မှုကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူး(စီးပွား/ကူးသန်းဝန်ကြီးဌာန)၊ ဒေါ်ဝင်းဝင်းတင့် (ပြည်တွင်းကုန်သွယ်မှု Supply Chain တွင် ပါဝင်ဆောင်ရွက်နေသော City Mart Managing Director)၊ ဒေါ်သက်စုဌေး (သဘာဝမန်ကျည်း/ဇီးဖျော်ရည်၊ ပဲကြော်နှင့် ပုန်းရည်ကြီးထုတ်လုပ်ဖြန့်ဖြူးနေသည့် SME လုပ်ငန်းရှင်) တို့နှင့် အွန်လိုင်းဆွေးနွေးခြင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါဟာ တာဝန်သိတဲ့စိတ်ပေါ့နော်။ချေးလို့ရှိရင် ပြန်ပေးရမယ်ဆိုတဲ့ အမြင်ရှိတာကိုတော့ တော်တော်ကောင်းတဲ့စိတ်နေစိတ်ထားပဲ"ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

COVID-19 ကာလအတွင်း SME လုပ်ငန်းများအတွက် နိုင်ငံတော်ကထုတ်ချေးပေးသည့် ချေးငွေများသည် သက်တမ်းကာလ တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့် သတ်မှတ်ချက်ရှိရာ လုပ်ငန်းများ ပုံမှန်လည်ပတ်မည့်အချိန်မှာ ခန့်မှန်း၍မရသည့်အခြေအနေကြောင့် ချေးငွေလျှောက်ထားမှုမပြုလုပ်ကြသည့် အခြေအနေများရှိသည်ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ ဒေါ်သက်စုဌေးက တင်ပြခဲ့သည်။

"COVID ချေးငွေက သက်တမ်းအရမ်းတိုတယ်။ တိုတော့လျှောက်ပါ့လားဆိုတော့ မလျှောက်ရဲဘူး။ လုပ်ငန်းက ဘယ်ချိန်ကျမှ ပုံမှန်အတိုင်း ပြန်လည်ပတ်မယ်မသိဘူးပေါ့။ တကယ်လို့သာ မလည်ပတ်နိုင်ဘဲ ဒီချေးငွေသာ ပြန်မဆပ်နိုင်ရင် ဒီထက်ပိုပြိုလဲသွားမှာစိုးပြီး လျှောက်ချင်ပါရဲ့ မလျှောက်ခဲ့ရတဲ့လုပ်ငန်းတွေ အများကြီးပါ"ဟု ၎င်းကဆိုသည်။

COVID-19 ကာလအတွင်း SME လုပ်ငန်းများအတွက် ထုတ်ချေးပေးသည့်ချေးငွေများနှင့် ပတ်သက်ပြီး အမှန်တကယ် လိုအပ်သူများရရှိစေရန်၊ အာမခံချက်တစ်ခုနှင့် ပြန်လည်ပေးဆပ်နိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

S-09