News

POST TYPE

NEWS

ကွတ်ခိုင်တွင် ကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်ပစ္စည်းများဖျက်ဆီး
23-Jun-2020


လားရှိုး၊ ဇွန် ၂၃ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ကျပ်သုံး ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်လုပ်ရာတွင်သုံးသည့် ပစ္စည်းများကို ဇွန်လ ၂၃ ရက်နေ့က ယင်းမြို့တွင် ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တပ်မတော်စစ်ကြောင်းများနှင့်နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသ လွယ်ခန်းကျေးရွာအနီးတွင် ယခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှဧပြီလ ၉ ရက်နေ့အထိ နယ်မြေရှင်းလင်းရာမှ မူးယစ်ဆေးများနှင့် မူးယစ်ဆေးချက်ရာတွင်သုံးသည့် ဆက်စပ်ပစ္စည်းများ၊ ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းတို့အနက် မူးယစ်ဆေးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ထိန်းချုပ်ဓာတုဆေးဝါးများကို ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု လားရှိုးမြို့ရှိ ဒုတိယရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ပြောကြားသည်။



“ဒီနေ့ဖျက်ဆီးတာက ထိန်းချုပ်ဓာတုဆေးဝါးတွေနဲ့မူးယစ်ဆေးချက်ရာမှာသုံးတဲ့ဆက်စပ်ပစ္စည်းတွေ ဖြစ်တယ်။ တန်ဖိုးက စုစုပေါင်း ကျပ် ၃ ဒသမ ၃၈ ဘီလီယံဖိုးဖျက်ဆီးခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။ ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို နှစ်စဉ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးတိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးလျက်ရှိရာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ သန်း၊၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ သန်း၊၂၀၁၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၄၃ သန်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းနှင့် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖိုး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။ 

ယခုနှစ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံး၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးချက်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ထိန်းချုပ်ဓာတုဆေးဝါးများကို ဇွန်လ၂၆ ရက်နေ့တွင်ကျရောက်သည့် ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီး တိုက်ဖျက်ရေးနေ့တွင် တောင်ကြီးမြို့၌ မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။

R-07