News

POST TYPE

NEWS

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ နေရာချထားရေးအတွက် အသင့်ဆောက်အိမ် တစ်သောင်းခန့် တည်ဆောက်မည်
21-Jun-2020


ရန်ကုန်၊ ဇွန် ၂၁

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ နေရာချထားရေးအတွက် တရုတ်နိုင်ငံကလှူဒါန်းသည့် အသင့်ဆောက်အိမ် အလုံးရေ ၁၀,ဝ၀၀ ခန့် ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“အခုတရုတ်က အသင့်ဆောက်လို့ရတဲ့အိမ်တွေ အလုံး ၁၂၀၀ လှူထားတယ်။ ဒါတွေကို အခုဆောက်နေတာ အလုံး ၉၀ ပြီးနေပြီ။ နောက်ထပ်အလုံး ၁၀၀ ကျော် နေရာချဖို့ရှိတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

အဆိုပါနေအိမ်များသည် ၁၀ ပေ၊ ပေ ၂၀ အကျယ်ရှိပြီး နေအိမ်တစ်လုံးလျှင် လူဦးရေ ၃ ဦးမှ ၄ ဦးအထိ နေထိုင်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဒုက္ခသည်များအတွက် နေအိမ်များကို ပြီးခဲ့သည့်နှစ်များမှစတင်ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် အိမ်အလုံးပေါင်း ၉,ဝ၀၀ ကျော် ထပ်မံလှူဒါန်းထားသည့်အတွက် စုစုပေါင်း အိမ်အလုံးရေ တစ်သောင်းခန့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အသင့်တပ်ဆင်နေထိုင်နိုင်သည့် အိမ်များကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ဆရာဝန်များနှင့် သူနာပြုများ နားနေအသုံးပြုနိုင်ရန် အသုံးပြုလျက်ရှိပြီး ကျန်ရှိသည့်အိမ်များကိုလည်း Covid-19 အတွက် လိုအပ်သည့်နေရာများတွင် ထပ်မံအသုံးပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

J-03