News

POST TYPE

NEWS

ယခင် မန္တလေးတိုင်းအစိုးရလက်ထက် တရုတ်နိုင်ငံမှ ကျပ်သန်း ၅၈၀၀၀ ကျော် ချေးယူထားဟုဆို
17-Jun-2020


မန္တလေး၊ ဇွန် ၁၇

ယခင် မန္တလေးတိုင်းအစိုးရလက်ထက်က သမဝါယမချေးငွေဟုဆိုကာ တရုတ်နိုင်ငံမှ ကျပ်သန်း ၅၈၀၀၀ ကျော် ချေးယူထားသည်ဟု လက်ရှိမန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

အဆိုပါချေးငွေများကို ခေါင်းစဉ်ငါးမျိုးဖြင့် အသုံးပြုခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ယင်းချေးငွေဖြင့် လယ်ယာမြေ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အသင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့အတွက် ထုတ်ချေးပေးထားကြောင်း၊ ယင်းအပြင် ကျေးလက်ဒေသများ ဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ရည်မှန်းချက်လုပ်ငန်းများအတွက် အသုံးပြုခဲ့သည်ဟု ဒေါက်တာစိုးသန်းက ရှင်းပြသည်။ 

မန္တလေးတိုင်းလွှတ်တော်၌ ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့သော ၁၈ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း၏မေးခွန်းကို ဖြေကြားရာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ အတိုး ၄ ရာခိုင်နှုန်းဖြင့် ချေးယူထားသော သမဝါယမချေးငွေများကို မန္တလေးတိုင်းအတွင်း မည်ကဲ့သို့ စီမံခန့်ခွဲလျက်ရှိသည်ကို သိရှိလိုကြောင်း ဦးလှိုင်ဝင်းက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

“သမဝါယမဦးစီးဌာနအောက်က မဝါယမအသင်း၊ အသင်းစုများရဲ့ရလဒ်က မြို့ပြအခြေခံလူတန်းစားများနှင့် ကျေးလက်ဒေသများမှာ ထင်သာမြင်သာမရှိသလောက်ဖြစ်နေသေးတယ်လို့ ယူဆမိပါတယ်”ဟု ဦးလှိုင်ဝင်းက ပြောကြားသည်။ 

S-02