News

POST TYPE

NEWS

ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် ပဲတီစိမ်းနှင့် နှမ်းနက်မျိုးများ သုတေသနပြုလုပ်
07-Jun-2020
ဓာတ်ပုံ-စိုက်ပျိုးရေးသုတေသနဉီးစီးဌာန

ရန်ကုန်၊ ဇွန် ၆

ရာသီဥတုပြောင်းလဲမှုကြောင့် ဆည်ရေရရှိမှုနည်းသည့် ဒေသများတွင်  စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးပြု၍  သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူများ၏ဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (ADSP Project) အစီအစဉ်ဖြင့် ပဲတီစိမ်းနှင့် နှမ်းသီးနှံမျိုးယှဉ်ပြိုင် သုတေသနစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီး ဌာနထံမှ သိရသည်။

ယင်းသုတေသနကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြောက်ယမား၊ မာလဲနတ်တောင်၊ ဆင်သေ နှင့်ငလိုက် စသည့်ဆည်ရေသောက်ဒေသများတွင် ရေအနည်းလိုသီးနှံများဖြစ်သည့် ပဲတီစိမ်းနှင့် နှမ်းသီးနှံ မျိုးယှဉ်ပြိုင်သုတေသန စမ်းသပ်မှုများကို ၂၀၂၀ ပြည့်နှစ်၊ မိုးကြိုရာသီတွင် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ADSP Project အစီအစဉ်ဖြင့် မဲဇလီကုန်းကျေးရွာမှ တောင်သူဦးဇော်ဝင်းနှင့် ငကောင်းကံကျေးရွာမှ တောင်သူ ဦးကျော်လွင်တို့၏ စိုက်ခင်းများအတွင်း စိုက်ပျိုးထားသော မိုးကြိုရာသီပဲတီစိမ်း နှင့် နှမ်းသီးနှံအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက်များ၏ စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ADSP Project တာဝန်ခံများက ဇွန်လ ၁ ရက်နေ့တွင် သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ငလိုက်ဆည်ရေသောက်ဧရိယာရှိ တောင်သူ စိုက်ခင်းများအတွင်း ဒေသနှင့်ကိုက်ညီပြီး  အထွက်နှုန်းကောင်းသည့် ပဲတီစိမ်းမျိုးများ ရရှိရန်ရည်ရွယ်၍ အလားအလာကောင်းသည့် ပဲတီစိမ်းမျိုး ၃ မျိုးထုတ်ဝေပြီး မျိုးများနှင့် နှိုင်းယှဉ်၍သော်လည်းကောင်း၊ နှမ်းနက်မျိုးသစ်များ ရရှိရန်အတွက် အလားအလာ ကောင်းမွန်သည့် နှမ်းနက်မျိုး (၃) မျိုးနှင့် ထုတ်ဝေပြီးနှမ်းနက်မျိုးများကို နှိုင်းယှဉ်၍သော်လည်းကောင်း သုတေသနပြု စမ်းသပ်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှသိရသည်။ 

အဆိုပါ ADSP Project ဖြင့် ဆောင်ရွက်သည့် သုတေသနစမ်းသပ်ချက်များအရ မကြာမီကာလအတွင်း အရည်အသွေးကောင်းမွန်ကာ အထွက် နှုန်းကောင်းသည့် ပဲတီစိမ်းမျိုးနှင့် နှမ်းနက်မျိုးများကို မျိုးသစ်အဖြစ် ထုတ်ဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

S-07