News

POST TYPE

NEWS

အများပြည်သူနှင့်ဆိုင်သောနေရာများသို့သွားလာရာတွင် Mask တပ်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြုချက်ထုတ်ပြန်
07-Jun-2020


ကုလသမဂ္ဂ၊ မေ ၆ 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုတိုက်တွန်းချက်သစ် တစ်ရပ် ထုတ်ပြန်ရာတွင် နှာခေါင်းနှင့် ပါးစပ်ဖုံးအုပ်သည့် မတ်ခ်စ်(Mask) များကို အများပြည်သူများအကြား သွားလာရာတွင် တပ်ဆင်ထားသင့်သည်ဟု ဖော်ပြထားကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ 

Mask များသည် ဗိုင်းရပ်စ်ကူးစက်နိုင်မည့်အလားအလာများကို လျှော့ချပေးနိုင်သည့် အဟန့်အတားများပင်ဖြစ်သည်ဟု ၎င်းကဆိုသည်။ 

“အများပြည်သူများနှင့်သက်ဆိုင်သော နေရာများကိုသွားရာတွင် Mask တပ်ပေးခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချထိန်းချုပ်ပေးနိုင်မည်ဖြစ်သည်” ဟု WHO ကဆိုသည်။ 

ကမ္ဘာ့နိုင်ငံအတော်များများတွင်လည်း ပြည်သူများအနေနှင့် အများပြည်သူ နှင့်သက်ဆိုင်သော နေရာများတွင် Mask တပ်ထားကြရန် တိုက်တွန်းထားကြသည်။ 

WHO မှ ကျန်းမာရေးပညာရှင် ဒေါက်တာမာရီယာဗန်ကာကော့ဗ်က ပြည်သူများအနေနှင့် အဝတ်စဖြင့်ချုပ်သော Mask များဝတ်ဆင်ရန် တိုက်တွန်းခြင်းဖြစ်သည်ဟု ဆိုသည်။ 

WHO သည် နာမကျန်းသူများနှင့် နာမကျန်းသူများကို ပြုစုစောင့်ရှောက်နေရသူများအနေနှင့် ကျန်းမာရေးနယ်ပယ်တွင် အသုံးပြုသော Mask များတပ်ဆင်ကြရန် အစဉ်တိုက်တွန်းခဲ့သည်။ 

BBC သတင်းဖော်ပြချက်အရ လတ်တလောသီတင်းပတ်များအတွင်း သုတေသနပြုလေ့လာချက်များကို အခြေခံပြီး ယခုလို အများပြည်သူနှင့်ဆိုင်သော နေရာများတွင် Mask တပ်သင့်သည်ဟူသော အကြဲံပြုချက်ကို WHO က ထုတ်ပြန်ခြင်းဖြစ်သည်။ 

“အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေအားလုံးမှာ Mask တပ်ဆင်ကြရေးအတွက် တိုက်တွန်းပြောဆိုပေးဖို့ ကမ္ဘာ့အစိုးရအဖွဲ့တွေကို ကျွန်တော်တို့က အကြံပေးလျက်ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။ 

Mask သည်ဗိုင်းရပ်စ်ကူးစက်မှု လျှော့ချရေးအတွက် အထောက်အပံ့ဖြစ် စေသောအရာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သို့သော် Mask တပ်ဆင်ခြင်း နှင့်ပတ်သက်၍ ရောဂါကာကွယ်ရေးပိုင်းတွင် လွဲမှားသောထင်မြင်ယူဆချက်များ မဖြစ်စေလိုကြောင်း WHO ကဆိုသည်။ 

“Mask တစ်ခုတည်းသက်သက်နဲ့ ခင်ဗျားတို့ကို COVID-19 ကူးစက်မခံရအောင် ကာကွယ်မပေးနိုင်ပါဘူး” ဟု WHO ညွှန်ကြားရေးမှူး တီဒရိုဂေဘရီယပ်စ်က ပြောကြားသည်။ 

လက်ရှိအနေအထားတွင် တစ်ကမ္ဘာလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆ ဒသမ ၇ သန်းရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ လေးသိန်းနီးပါးခန့်ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်ပြန်သော စာရင်းများအရသိရသည်။ 

F-01