News

POST TYPE

NEWS

သစ်တောဦးစီးဌာနမှ အရာရှိနှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
07-Jun-2020
မန္တလေး၊ ဇွန် ၆

မန္တလေးတိုင်း ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦး (ယခု မန္တလေးတိုင်း ညွှန်ကြားရေးမှူးရုံး)နှင့် ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေး (ယခု မန္တလေးတိုင်း ညွှန်ကြားရေးမှူးရုံး)တို့ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးရုံး၏ တာဝန်ပေးချက်အရ သစ်တောဦးစီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) မှ စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက်စွဲပါ ညွှန်ကြားချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP)ပါ သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေများထုတ်ပေးရာတွင် မန္တလေးတိုင်း ရမည်းသင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးသည် တောအုပ်ခြောက်ဦးထံမှ စုစုပေါင်း ငွေကျပ် ၆,၁၅၀,၂၀ဝ ကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးသည် တောအုပ်လေးဦးထံမှ စုစုပေါင်းငွေကျပ် ၃,၇၆၇,ဝ၀ဝ ကိုလည်းကောင်း ဖြတ်တောက်ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့နှစ်ဦးအပေါ် အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်း ရမည်းသင်းမြို့မရဲစခန်းတွင် ဇွန်လ ၅ ရက်နေ့က ပထမသတင်းပေးတိုင် ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။   

S-02