News

POST TYPE

NEWS

ရန်ကုန်တိုင်းအစိုးရတောင်းခံထားသည့် ကျပ်ဘီလီယံ ၉၂၀ ကျော်ကို လွှတ်တော်အတည်ပြု
07-Jun-2020
ရန်ကုန်၊ ဇွန် ၆  

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တောင်းခံထားသည့် ငွေကျပ်ဘီလီယံ ၉၂၀ ကျော်ကို ဇွန်လ ၅ ရက်နေ့တွင်ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ကြောင်း ယင်းလွှတ်တော်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် ယခင်နှစ်များထက် ဘဏ္ဍာငွေပိုမိုသုံးစွဲ ခွင့်ရရှိခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ်တွင် ငွေကျပ် ၅၂၀ ဘီလီယံကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ငွေကျပ် ၃၃၀ ဘီလီယံကျော်၊ ၂၀၁၇-၁၈ ခုနှစ် တွင် ငွေကျပ် ၄၂၀ ဘီလီယံကျော်၊ ၂၀၁၈-၁၉ ခုနှစ်တွင် ငွေကျပ် ၆၅၀ ဘီလီယံကျော်၊ ၂၀၁၉-၂၀ ခုနှစ်တွင် ငွေကျပ် ၇၇၀ ဘီလီယံကျော် သုံးစွဲခွင့်ရရှိခဲ့ကြောင်း ယင်းလွှတ်တော်ထံမှ သိရသည်။

ယခုနှစ်ဘဏ္ဍာငွေ တွက်ချက်တောင်းခံမှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက "ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတင်သွင်းတဲ့ ၂၀၂၀-၂၁ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ပါ ဌာနအဖွဲ့အစည်းတွေရဲ့ ရငွေ သုံးငွေတွေအပေါ်မှာ စိစစ်တဲ့အခါ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဒေသပေါက်ဈေးနှုန်း စိစစ်ရေးအဖွဲ့က စိစစ်တင်ပြတဲ့ ၂၀၁၉-၂၀  ဘဏ္ဍာရေးနှစ်ရဲ့ ဈေးနှုန်းများအတိုင်း အတည်ပြုပေးထားရပါသဖြင့် ဘဏ္ဍာငွေများ လျာထားတောင်းခံရာမှာ ပိုမိုလျာထား အတည်ပြုပေးခဲ့ရပါသောကြောင့် နိုင်ငံတော်ဘဏ္ဍာငွေတွေကို အခြားလိုအပ်တဲ့နေရာတွေမှာ သုံးစွဲခွင့်ရရှိမှု လျော့နည်းခဲ့ရကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ပါသောကြောင့် အဆိုပါ ဒေသပေါက်ဈေးနှုန်းတွေကို ပြန်လည်စိစစ်အတည်ပြုသင့်ပါတယ်" ဟု လွှတ်တော်တွင် သဘောထားမှတ်ချက်ပြု ပြောဆိုခဲ့သည်။

ပစ္စည်းဝယ်ယူမည့် ဈေးနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်မည်ဖြစ်ပြီး စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဘတ်ဂျက်တောင်းခံထားသော ဌာနများကိုလည်း ပြန်လည်ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရုံးသုံး ယာဉ်ဝယ်ယူမည့်ကိစ္စနှင့် သံစုံတီးဝိုင်းဝယ်ယူမည့် ကိစ္စများကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး နေရာ ခေတ္တတာဝန်ယူထားသည့် စိုက်ပျိုး၊ မွေးမြူရေးဝန်ကြီး ဦးဟံထွန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

S -08