News

POST TYPE

NEWS

ဧရာဝတီအသင်းမှ ကစားသမား၊ နည်းပြအုပ်ချုပ်မှုအဖွဲ့နှင့် ဝန်ထမ်းများ လစာလျှော့ယူ
05-Jun-2020


ရန်ကုန်၊ ဇွန် ၄

ဧရာဝတီအသင်းမှ ကစားသမားများ၊ နည်းပြအုပ်ချုပ်မှုအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် လက်ရှိအချိန်တွင် ၎င်းတို့ရရှိထားသည့် လစာများထဲ ရာခိုင်နှုန်းအလိုက် လစာများကို လျှော့ယူခဲ့ကြောင်း ဧရာဝတီအသင်း၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဧရာဝတီအသင်းမှကစားသမား၊  နည်းပြအုပ်ချုပ်မှုအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများသည် အသင်းရေရှည်ရပ်တည်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဧပြီလမှစတင်ကာ ပြိုင်ပွဲများ ပြန်လည်မစတင်မီအချိန်အထိ ၎င်းတို့ရရှိထားသည့်လစာများထဲမှ ၄၀ ရာခိုင်နှုန်း (သို့) ၅၀ရာခိုင်နှုန်းကို လျှော့ယူရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ အခက်ခဲဖြစ်ပွားနေချိန်တွင် အသင်းအပေါ် နားလည်စွာ ပြန်လည်ကြည့်ရှုပေးခဲ့ကြသည့် ကစားသမား၊ နည်းပြ အုပ်ချုပ်မှုအဖွဲ့နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ဧရာဝတီအသင်း၏ သတင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

ဧရာဝတီအသင်းကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလအတွင်းနေရှင်နယ်လိဂ်ကလပ်အသင်းအချို့မှာ ကစားသမားများနှင့် အသင်းတာဝန်ရှိသူများမှာ လစာငွေများကို လျှော့ယူနေကြသည်။ 

ဧရာဝတီအသင်းသည် 2020 MPT မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် ၂၃ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ဇော်သုတ