News

POST TYPE

NEWS

ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၅၀ဝ ကျော်တွင် အမျိုးသမီး ၁၃ ဦးပါဝင်
05-Jun-2020


ပုသိမ်၊ ဇွန် ၄

Covid-19 ရောဂါဖြစ်ပွားနေသည့် အရေးပေါ်ကာလအတွင်း ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၅၀ဝ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ရာတွင် အမျိုးသမီး ၁၃ ဦးပါဝင်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ  မြို့နယ် ၂၆ မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ အမိန့်မလိုက်နာသူ အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၀၅  ဦးကို သက်ဆိုင်ရာ မြို့နယ်တရားရုံးများက ထောင်ဒဏ်အသီးသီးချမှတ်ကာ အပြစ်ပေးခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

"ထောင်ဒဏ် ၁ လ ၊ ထောင် ၂ လ စသည်ဖြင့် ပြစ်ဒဏ်တွေ ချမှတ်တယ်လို့သိရတယ်။ အပြစ်ဒဏ်က တစ်ရုံးနဲ့တစ်ရုံး မတူဘူး။ မလိုက်နာသူတွေရဲ့လုပ်ဆောင်ချက်အပေါ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ သတ်မှတ်တာပါ ။ ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့တာ" ဟု ၎င်းကရှင်းပြသည်။ 

ယင်းတို့အနက် ပုသိမ်ခရိုင်တွင် ၂၂၆ ဦး၊ ဟင်္သာတခရိုင်တွင် ၇၆ ဦး၊ မအူပင်ခရိုင်တွင် ၇၀ ဦး၊ ဖျာပုံခရိုင်တွင် ၅၁ ဦး၊  မြောင်းမြခရိုင်တွင် ၄၉ ဦး၊ လပွတ္တာခရိုင်တွင် ၃၃ ဦးပါဝင်ပြီး အမျိုးသမီး ၁၃ ဦးမှာ ပုသိမ်ခရိုင်မှ ၉ ဦး၊ မအူပင်ခရိုင်မှ ၂ ဦးနှင့် မြောင်းမြခရိုင်မှ ၂ ဦးတို့ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

"ညမထွက်ရ အမိန့်ကြောင့်ရယ်၊ မြို့တွေမှာ တုတ်ဓားလက်နက်ကိုင် ဆောင်တာတွေကို ပိတ်ဆို့စစ်ဆေးတာကြောင့်ရယ် ခိုးဆိုးလုယက်တာတွေ လမ်းပေါ်မှာ အုပ်စုဖွဲ့ ရန်ဖြစ်တာတွေ နည်းသွားတယ်" ဟု ပုသိမ်မြို့အခြေစိုက် ဧရာဝတီတိုင်း တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဦးသန်းဝင်းက ပြောဆိုသည်။

ဧရာဝတီတိုင်းတွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်ကစတင်ခဲ့ပြီး ပညာပေးကာလ ၃ ရက် ဆောင်ရွက်ခဲ့ကာ မေလ ၂၁ ရက်မှစတင် ဖမ်းဆီးအပြစ်ပေးခဲ့ပြီး မေလ ၁၆ ရက်နေ့ကစ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးခဲ့သည်။ 

R-04