News

POST TYPE

NEWS

ချောက်မြို့ လမ်းမများဘေးတွင် ကုန်စိမ်းနှင့်သားငါးရောင်းချပါက ပစ္စည်းသိမ်းမည်
05-Jun-2020


ချောက်၊ ဇွန် ၄

ချောက်မြို့ရှိ လမ်းမများဘေးတွင် ဟင်းသီးဟင်းရွက်ကုန်စိမ်းများနှင့် သားငါးများကို မိမိတို့သဘောဖြင့် ဈေးရောင်းချနေရာ ကုန်ပစ္စည်း သိမ်းဆည်းခြင်းအပြင် ဈေးရောင်းချခြင်းကိုပါပိတ်သိမ်း အရေးယူမည်ဖြစ်ကြောင်း ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးနေမန်းက သတိပေးပြောဆိုသည်။

"အခုလည်း ခေါ်ပြောနေတာတွေလုပ်နေတယ်။ မနေ့ကလည်း စစ်လို့တွေ့တဲ့ ဆိုင်သုံးဆိုင်က ပစ္စည်းအချို့သိမ်းခဲ့တယ်" ဟု ၎င်းကရှင်းပြသည်။

ကိုဗစ် ၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဧပြီလဝက်ခန့်မှ စတင်ပြီး ဈေးများနှင့် ပျံကျဈေးတန်းများ အားလုံး ပိတ်ထားချိန်တွင် မြို့နယ်အားကစားကွင်းအတွင်း ယာယီဈေးဖွင့်လှစ်ရောင်းချစေခဲ့သော်လည်း ပျံကျဈေးသည် အချို့သည် မိမိတို့သဘောဆန္ဒဖြင့် လမ်းမများဘေးတွင် ရောင်းချနေခြင်းဖြစ်သည်။  

ထိုအချိန်က လူစုလူဝေးမဖြစ်ပေါ်စေရန် လမ်းမများဘေးတွင်ဈေးရောင်းချခွင့် ယာယီခွင့်ပြုခဲ့ပြီး မေလ ၃၀ ရက်နေ့မှ စတင်ကာ ချောက်မြို့မဈေးနှင့် ချောက်ဘက်ဈေးတို့ရှိ ဈေးဆိုင်ခန်းများကို တိုင်းအစိုးရအဖွဲ့၏ ညွန်ကြားချက်အရ ပြန် လည်ရောင်းချခွင့်ပြုခဲ့သော်လည်း မြို့မဈေးရှိ ပျံကျဈေးတန်းများတွင် ဈေးရောင်းချခွင့် ပိတ်သိမ်းထားကာ ၎င်းတို့အတွက် ယာယီဈေး (မြို့နယ်အားကစားကွင်း)တွင် ရောင်းချခွင့်ပြုထားသည်ဟု ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့မဈေးရှိဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ရရှိခြင်းနှင့် လမ်းမဘေးတွင် ပျံကျဈေးသည်များ ဈေးရောင်းချခြင်းတို့ ဆက်လက်ရှိနေသဖြင့် မြို့နယ်အားကစားကွင်းအတွင်း ရောင်းချနေသော ပျံကျဈေးသည်များကလည်း မြို့မဈေးရှိ ပျံကျဈေးတန်းများတွင် ပြန်လည်ရောင်းချခွင့်ပြုရန် ယာယီဈေးတွင် ရောင်းချနေသော ပျံကျဈေးသည် ၃၀ဝ ဦးကျော်က ချောက်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံတောင်းဆိုထားသည်။ 

R-11