News

POST TYPE

NEWS

မန္တလေးတွင် စည်းကမ်းများလိုက်နာမှု အားနည်းသည့် ရွှေဆိုင်အချို့ကိုသတိပေး
05-Jun-2020


မန္တလေး၊ ဇွန် ၄

မန္တလေးမြို့တော်တွင်ဖွင့်လှစ်ထားသည့်ရွှေဆိုင်များအနက် ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန၏စည်းကမ်း သတ်မှတ်ချက်နှင့် တိုင်း​အစိုးရ၏ လမ်းညွှန်မှုများကိုလိုက်နာရန် အားနည်းသည့် ရွှေဆိုင်အချို့ကို သတိပေးမှုများ ပြုလုပ်ခဲ့ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေးမြို့ရှိ ရွှေဆိုင်များအနေနှင့် မေ ၁၆ ရက်နေ့စ၍ အရောင်းအဝယ်များ ပြန်လည်ပြုလုပ်ကြပြီဖြစ်သည်။ 

ယင်းသို့ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့် စည်းကမ်းများသတ်မှတ်ထားကြောင်း၊ လိုက်နာရမည့်စည်းကမ်းချက်များကို လိုက်နာခြင်းရှိမရှိ သိရှိနိုင်စေရန် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

"စစ်တာတွေတော့လုပ်နေတယ်။ အများအားဖြင့်တော့ သူတို့တွေ စည်းကမ်းလိုက်နာကြပါတယ်။ စစ်တာကတော့ စည်ပင်ကအဖွဲ့တွေပဲ လိုက်စစ်တာပါ။ မန်းမြို့ဈေးနားက တစ်ဆိုင်နှစ်ဆိုင်လောက်ကိုတော့ လူနည်းနည်းများလို့ စည်းကမ်း တကျလုပ်ဖို့ သတိပေးရတာတွေတော့ ရှိပါတယ်။ သူတို့လည်းလိုက်နာတဲ့အတွက် အရေးယူတာတွေတော့ မရှိပါဘူး"ဟု ၎င်းက ပြောဆိုသည်။

ရွှေဆိုင်များအနေနှင့် ဆိုင်​အတွင်းသို့ ဝယ်​သူ၊ ရောင်းသူများကို Mask တပ်၊ လက်​​ဆေး၊ ပိုးသတ်​ဆေးဖျန်းခြင်း၊ အပူချိန်​တိုင်းပြီး (ဖျား​သောသူများ ဝင်​ခွင့်မပြုဘဲ)မှ ဝင်​​ရောက်​ရန်​၊ အ​ရောင်း​နေရာနှင့်အဝယ်​​နေရာကို သီးခြားစီထားပြီး​ ရောင်းဝယ်​ရန်၊ အ​ရောင်း​​ကောင်​တာတွင်​ ​ရွှေဆိုင်​ကြီးများအ​နေနှင့် ၅ ​ပေခြား​ခန့် ကောင်​တာတစ်​ခု ကို ၃ ဦးမှ ၄ ​​​ဦးခန့်သာ အရောင်းဝန်ထမ်းများ​နေရန်​၊ ရောင်းသူ၊ ဝယ်​သူများကို ဆိုင်​အတွင်းသို့ ၁ ​ဦးမှ ၂​ ဦးသာဝင်စေ​ပြီး၊ အရောင်း၊ အဝယ်​လုပ်ချိန်​ကို ၁၀ မိနစ်​မှ ၁၅ မိနစ်​အတွင်း အပြီး​ဆောင်​ရွက်​ရန်​၊ ဆိုင်​​ရှေ့တွင်​​ စောင့်ဆိုင်း​နေသူများအား လူစုလူ​ဝေးမဖြစ်​​စေရန်​နှင့် Covid-19 ရောဂါကာကွယ်​တားဆီးနိုင်​ရန်​၊ ဆိုင်​​ရှေ့ ​စောင့်သူများ အားလုံးကို ၃ ပေမှ ၄ ပေ​ ခန့်ခြားပြီး ထိုင်​ခုံများဖြင့် ​စောင့်ဆိုင်း​ပေးနိုင်စေရန်​၊ ရောင်းသူ၊ ဝယ်​သူများ အဆင်​​ပြေ​ချောမွေ့​စေရန်​ ဆိုင်​ဖွင့်ချိန်​ ပိတ်​ချိန်​ကို တိုးမြှင့်ကာ ယခင်​ဆိုင်​ဖွင့်ချိန်​ထက် ၁ နာရီ​စောပြီး ဖွင့်ရန်​နှင့် ပိတ်​ချိန်​အား ၁ နာရီ​ခန့် နောက်​ကျပိတ်​ကြရန်​၊ ရောင်းဈေး၊ ဝယ်​​ဈေးအား တတ်​နိုင်​သမျှ အနီးစပ်​ဆုံး ခွာပြီး ​ရောင်းဝယ်​​ပေးပါရန်​၊ စီးပွား​ရေး ဆန်ဆန်​ရောင်းဝယ်​​ခြင်းမပြုဘဲ customer များကို ကူညီပံ့ပိုးခြင်းစိတ်​ဖြင့်သာပြုလုပ်​ကြပါရန်​၊ ရေတိုကိုမကြည့် ​ရေရှည်​အတွက်​ဆိုင်​များဖွင့်လှစ်​ပြီး စီးပွား​ရေး အမြန်​ဆုံး​ ကောင်းမွန်​လည်​ပတ်နိုင်ရန် စည်းကမ်း သတ်မှတ်ထားသည်။

မန္တလေးမြို့တွင် ရွှေဆိုင်များအနေနှင့် မတ်လကုန်ခန့်မှစ၍ ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး မေလ ၁၆ ရက်နေ့တွင် အရောင်းအဝယ် ပြန်လည်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မန္တလေးတွင်ရွှေဆိုင်ပေါင်း ၇၀ ကျော်ခန့်ရှိနေကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

ရတီ