News

POST TYPE

NEWS

MSME လုပ်ငန်းတစ်ခုကို ကျပ်သန်း ၃၀ဝ အများဆုံး ထုတ်ချေးမည်
05-Jun-2020
ရန်ကုန်၊ ဇွန် ၄

အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းတစ်ခုလျှင် ချေးငွေအများဆုံး ကျပ်သန်း ၃၀ဝ အထိ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံမှ ရရှိသည့်ချေးငွေဖြင့် JICA SME Step Loan စီမံကိန်းကို ၂၀၁၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ချေးငွေစီမံကိန်းအဆင့် ၁ သည် ပြီးမြောက်ခဲ့ပြီဖြစ်ကာ စီမံကိန်းအဆင့် ၂ တွင် ထုတ်ချေးရန်ကျန်သည့် ပမာဏမှာ ကျပ် ၆၄ ဘီလီယံခန့်ရှိကြောင်းသိရသည်။

အဆိုပါ ကျပ် ၆၄ ဘီလီယံခန့်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် JICA တို့ညှိနှိုင်း၍ Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်မှုရှိခဲ့သည့် MSME လုပ်ငန်းများအပေါ်တွင် အပေါင်ပစ္စည်း ပေးအပ်နိုင်မှုအပေါ်မူတည်၍ တစ်နှစ်လျှင် အတိုးနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အတွင်းရှိသည့် ချေးငွေများကို ထုတ်ချေးပေးမည်ဖြစ်သည်။

ချေးငွေသက်တမ်းမှာ ၃ နှစ်မှ ၅ နှစ်အထိဖြစ်ပြီး ချေးငွေသက်တမ်း ၃ နှစ် အောက်ချေးငွေတွင် ဆိုင်းငံ့ကာလ ၆ လ၊  ချေးငွေသက်တမ်း ၃ နှစ်မှ ၅ နှစ်အထိ ချေးငွေတွင် ဆိုင်းငံ့ကာလ ၁ နှစ် ရရှိနိုင်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ချေးငွေရယူလိုသည့် MSME လုပ်ငန်းများအနေနှင့် မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ယူအေဘီဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်နှင့် မြန်မာ့ ရှေ့ဆောင်ဘဏ်လီမိတက်တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

S-07