News

POST TYPE

NEWS

ဖူဆယ် ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စီစဉ်
04-Jun-2020


ရန်ကုန်၊ ဇွန် ၃

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဦးစီး၍ ၂၀၂၀ ဖူဆယ်ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များမှ ပြိုင်ပွဲဝင်အသင်းများဖြင့် ကျင်းပပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ အဆိုပါ ၂၀၂၀ ဖူဆယ် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ကြိုတင်ညှိနှိုင်းရေး ဆွေးနွေးပွဲကို ဇွန်လ ၂ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အခြေစိုက်ရာ Goal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကလပ်အသင်းကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်း ရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနှင့် ဖူဆယ်ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များမှ ပြိုင်ပွဲဝင် အသင်း ၁၆ သင်း (သို့မဟုတ်) အသင်း ၁၄ သင်းဖြင့်လာမည့် ဇူလိုင်(သို့မဟုတ်)သြဂုတ်လတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

အသင်းတစ်သင်းအား ဝင်ကြေး ၂ သိန်းကျပ် ကောက်ခံမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိသော အသင်းတို့ အား ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုပါပြိုင်ပွဲတွင် ချန်ပီယံဖြစ်သောအသင်းမှာ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ဇော်သုတ