News

POST TYPE

NEWS

ဈေးကွက်အဖွင့်တွင် မီလင်ကိုဗစ်ဆာဗစ်အတွက် ကမ်းလှမ်းမှုများကိုစောင့်ဆိုင်းသွားမည်ဟု လာဇီယိုအသင်း အားကစားဒါရိုက်တာ တာရီ ပြောကြား
04-Jun-2020


ရောမ၊ ဇွန် ၃

လာဇီယိုအသင်းအနေနှင့် ဆားဘီးယားကွင်းလယ်လူ ဆာဗစ်အတွက်ကမ်းလှမ်းမှုများကို စောင့်ဆိုင်းသွားမည်ဟု  အားကစားဒါရိုက်တာ တာရီကပြောကြားခဲ့ကြောင်း Sky Sport Italia ကဖော်ပြခဲ့သည်။ 

ယခုရာသီအတွင်းလာဇီယိုအတွက်  ပွဲ ၃၀ တွင် သွင်းဂိုး ၅ ဂိုးနှင့်ဖန်တီးမှု ၇ ကြိမ်လုပ်ထားသည့် အသက် ၂၅ နှစ်အရွယ် ဆာဗစ်ကို စပါး၊ မန်ယူနှင့် ချဲလ်ဆီးတို့က စိတ်ဝင်စားမှုပြထားသည်။ 

ဆားဘီးယားကွင်းလယ်လူသည် အသင်းနှင့် ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းရှိသူဖြစ်ပြီး လာဇီယိုအသင်းက ၎င်း၏တန်ကြေးကို ပေါင်သန်း ၅၀ သတ်မှတ်ထားကြောင်းသိရသည်။ 

သို့ရာတွင် ၎င်းကစားကစားသမားအတွက် ကမ်းလှမ်းမှုအပေါ်မူတည်ကာ ဆုံးဖြတ်မည်ဖြစ်ပြီး အသင်းအတွက်အမှန် တကယ် အကျိုးရှိမှသာ ရောင်းချသွားမည်ဟု တာရီကဆိုခဲ့သည်။ 

"ကျွန်တော်တို့ အခုအချိန်မှာ သူ့ကိုရောင်းချဖို့မလိုအပ်ပါဘူး။ အပြောင်းအရွှေ့ဈေးကွက်မှာတော့ အလှည့်အပြောင်းများစွာရှိမယ်လို့ ယူဆသလို ဘဝမှာတစ်ကြိမ်သာကြုံရတဲ့ ရိုက်ခတ်မှုတစ်ခုကြောင့် ဖန်တီးမှုလုပ်နိုင်ဖို့လိုပါတယ်။ လက်ရှိအခြေအနေနဲ့ အနာဂတ်အတွက်ကိုပါ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ရမှာပါ။ ပထမတန်းစား ကစားသမားတွေအတွက်တော့ ပြောင်းရွှေ့ကြေးက ကျဆင်းသွားဖို့မရှိပါဘူး။ အလယ်အလတ်နဲ့ ခြေစွမ်းနိမ့်ကစားသမားတွေအတွက်သာ ဖြစ်ပါလိမ့်မယ်။ ဆာဗစ်နဲ့ပတ်သက်ရင်တော့ ဒီမြို့၊ ဒီအသင်း နဲ့ဆက်ဆံရေးက ဘယ်တော့မှသေဆုံးသွားဖို့မရှိတဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ သူ့ရဲ့ ဆန္ဒဘယ်လိုရှိသလဲဆိုတာ ကို ကျွန်တော်တို့ စကားပြောဆိုသွားမှာဖြစ်ပြီး ဖိအားပေးတာထက် နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ကို အဓိကလုပ်ဆောင်မှာပါ။ ကလပ်အသင်းနဲ့ ကစားသမားအတွက် လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုရင်တော့ စဉ်းစားမှာဖြစ်ပေမယ့် သူ့ဘက်ကပျော်ရွှင်တယ် ဆိုရင်တော့ ဆက်နေဖို့အတွက်ကို ကျွန်တော်တို့ဘက်က ပျော်ရွှင်စွာ လက်ခံမှာပါ"ဟု ပြောကြားခဲ့သည်။               

ငြိမ်းပြည့်