News

POST TYPE

NEWS

ဦးချစ်နိုင်နှင့် ပူးပေါင်းကာ မြန်မာယူ-၁၆ အသင်းကို တိုးတက်အောင် လုပ်ဆောင်မည်ဟု ဦးမင်းသူဆို
04-Jun-2020


ရန်ကုန်၊ ဇွန် ၃

မြန်မာယူ-၁၆ ဘောလုံးအသင်း တိုးတက်လာစေရန် နည်းပြချုပ်ဦးချစ်နိုင် နှင့် ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း လက်ထောက်နည်းပြ ဦးမင်းသူကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင် ယူ-၁၆ ဘောလုံးအသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်ကို ခန့်အပ်ပြီးနောက် ယခင်နည်းပြချုပ်ဟောင်း ဦးမင်းသူကို လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော် လုပ်ဆောင်ခဲ့တဲ့အသင်းလေးကို ဒီ့ထက်ပိုပြီး ကောင်းအောင် လုပ်ဆောင်ပေးချင်တာကြောင့် အဖွဲ့ချုပ်က ကမ်းလှမ်းတာကို လက်ခံခဲ့တာပါ။ကိုချစ်နိုင်ဆိုတာကလည်း ကျွန်တော်တို့နဲ့ ညီအစ်ကိုတွေလိုဖြစ်နေ တဲ့အတွက် သူနဲ့ပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်သွားမှာပါ"ဟု ဦးမင်းသူကပြောသည်။

မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဦးမင်းသူသည် နည်းပြဘဝကို ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့် စတင်ခဲ့ပြီး ၂၀၁၉ က စတင်ကာ မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

"ယူ-၁၆ အသင်းကို ဦးချစ်နိုင်ကို ခန့်အပ်လိုက်တယ်ဆိုပေမယ့် ယခင်နည်းပြဟောင်း ဦးမင်းသူကို လက်ထောက်နည်းပြအဖြစ် ပူးပေါင်းပြီးလုပ်ဆောင်စေမှာပါ။ ဦးမင်းသူက အရင်ကတည်းက ဒီအသင်းကို ကိုင်တွယ်လာတာမို့ အသင်းအကြောင်း ကောင်းကောင်းကြီး သိထားပြီးသားပါ။ ဒါကြောင့် ဦးမင်းသူကို လက်ထောက်နည်းပြအဖြစ် ဆက်လုပ်ဖို့လည်း အကြောင်း ကြားထားပါတယ်"ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။ 

မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ပြိုင်မည်ဖြစ်ပြီး ပြည်တွင်းလူငယ်လိဂ် လက်ကျန်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ချစ်ဝိုင်း