News

POST TYPE

NEWS

ဂျော့ဖလွိုက်ဒ်နှင့်သေဆုံးခြင်းနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့သည့် ဘွန်ဒက်စ်လီဂါကြယ်ပွင့်များမှာ လက်ခုပ်သံနှင့် ထိုက်တန်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဆို
04-Jun-2020


ဖီဖာ၊ ဇွန် ၃

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနှင့် ဂျော့ဖလွိုက်ဒ်နှင့် ပတ်သက်သည့်ဆန္ဒဖော်ထုတ်မှုများကို ကိုင်တွယ်ရာတွင် သာမန်အသိကိုသာ သုံးစေလိုသည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကဆိုခဲ့ကြောင်း Goal.com ကဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်တစ်ပတ်၌ လူမည်းတစ်ဦးဖြစ်သည့် ဂျော့ဖလွိုက်သည် မင်နီရာပိုလစ်ရဲစခန်းတွင် သေဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် အခြားနိုင်ငံများတွင်ဆန္ဒပြမှုများ အပါအဝင်အဓိကရုဏ်းများဖြစ်ပွားခဲ့သည်။ 

ဘောလုံးအဖွဲ့ချုပ်ကမူ အမေရိကန်တွင်ဖြစ်ပွားခဲ့သော အဆိုပါဆူပူအုံကြွမှု၏ နောက်ဆက်တွဲဂယက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သာမန်အသိဖြင့်သာချဉ်းကပ်ရန် အမျိုးသားအသင်းအဖွဲ့များကို တိုက်တွန်းခဲ့သည်။ 

ပြီးခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒေါ့တ်မန်ကစားသမားများဖြစ်ကြသည့် ဆန်ချိုနှင့် ဟာကီမီတို့သည် ဂိုးသွင်းအပြီးတွင် 'Justice for George Floyd' မက်ဆံချ်ဖြင့် အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသလို ရှော်ကေးအသင်းမှ မက်ကန်နီနှင့် ဂလက်ဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်တို့မှာလည်း ဂိုးသွင်းအပြီးတွင် ၎င်းတို့၏ဆန္ဒကိုဖော်ထုတ်ခဲ့ကြသည်။ 

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အင်ဖန်တီနိုက "ဖီဖာလက်အောက်က ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေနဲ့ပတ်သက်ပြီး သံသယကို ရှောင်ရှားနိုင်ဖို့အတွက် သရုပ်ပြခဲ့တာတွေဟာ အပြစ်ပေးခြင်းထက် လက်ခုပ်သံနဲ့ပိုပြီး ထိုက်တန်ပါတယ်။ ကျွန်တော်တို့အားလုံး လူမျိုးရေးခွဲခြားမှုနဲ့ ဘယ်လိုခွဲခြားမှုမျိုးကိုမဆို ငြင်းဆန်ရပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုကို ငြင်းဆိုရပါလိမ့်မယ်။ ဘယ်လိုအကြမ်းဖက်မှုပုံစံကိုမဆို ဖြစ်ပါတယ်"ဟု ကာကွယ်ပြောဆိုသွားခဲ့သည်။

ငြိမ်းပြည့်