News

POST TYPE

NEWS

ပဲခူးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၈ ဦးအထိရောက်ရှိ
04-Jun-2020
တောင်ငူ၊ ဇွန် ၃

ညောင်‌လေးပင်မြို့နယ်တွင်နေထိုင်သူတစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပဲခူးတိုင်းအတွင်း ပိုးတွေ့သူ ၈‌ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးငြိမ်း ကပြောကြားသည်။ 

“ညောင်လေးပင်ကလူက ပြီခဲ့တဲ့ရက်ပိုင်းကမှ ထိုင်းနိုင်ငံကနေပြန်ရောက်လာတဲ့ အသက်၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ စောင့်ကြည့်မှုခံယူနေစဉ်ကတည်းက နှာခေါင်းတို့ဖတ် စစ်ဆေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ညောင်လေးပင်ဆေးရုံမှာ သီးခြားကုသမှု ခံယူနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါအမျိုးသားတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ​ကြောင်း ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းတွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ပေါက်ခေါင်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနော်ထွယ် (ကိုဗစ်ရောဂါဖြင့်သေဆုံး) သည် ဇနီးဖြစ်သူထံမှ ရောဂါကူးစက်ခံခဲ့ရပြီး သမီးနှင့်တူမသုံးဦး၊ ၎င်းနှင့် ဆက်စပ်၍ ပြည်ဆေးရုံမှ မေ့ဆေးဆရာဝန်မကြီး ဒေါက်တာမြင့်မြင့်စိန်နှင့် သူနာပြုနှစ်ဦး စုစုပေါင်းကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူ ၇ ဦးရှိခဲ့ပြီး တစ်လကျော်ခန့်အကြာတွင် ယခုကဲ့သို့ ၈ ယောက်မြောက် ရောဂါပိုးတွေ့သူ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“အနောက်ခြမ်းက သေဆုံးသူဦးနော်ထွယ်ကလွဲရင် အကုန်ရောဂါကင်းလို့ ဆေးရုံတွေက ဆင်းသွားကြပြီ။ ညောင်လေးပင်က ပိုးတွေ့သူကလည်း ပြန်လာကတည်းက Quarantine ဝင်နေတာဖြစ်လို့ အရမ်းကြီး စိုးရိမ်စရာမရှိဘူး”ဟု ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂၃၃ ဦးရှိလာပြီဖြစ်ပြီး‌ ၎င်းတို့အနက် ပြန်လည်ကောင်းမွန်လာသူ ၁၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။                 

R-02