News

POST TYPE

NEWS

မန္တလေးတောင်ပေါ်တွင် ကိုယ်လက်လှုပ်ရှား အားကစားမလုပ်ရန်တားမြစ်
04-Jun-2020


မန္တလေး၊ ဇွန် ၃

မန္တလေးတောင်ပေါ်သို့ တက်ရောက်ကာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများမလုပ်ကြရန် မေတ္တာရပ်ခံတားမြစ် နေရကြောင်း မန္တလေးတောင်တော်ဂေါပက အဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်အစိုးရမှထုတ်ပြန်ထားသည့် Covid-19 ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်များအရ မန္တလေးတောင်ပေါ်သို့ စက်ဘီးဖြင့်သော်လည်ကောင်း၊ ခြေလျင်လမ်းလျှောက်၍သော်လည်းကောင်း တက်ရောက်၍ အားကစားလုပ်ခြင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း၊ သို့ရာတွင်ပြီးခဲ့သည့် ရက်ပိုင်းကစ၍ တောင်တော်ပေါ်သို့ လူအများအပြား တက်ရောက်လာကြကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

"ဒီရက်ပိုင်း ရောဂါကအသံတိတ်သွားတော့ ကျုံးဘေးလည်းအတူတူပဲ၊ လူတွေအများကြီးထွက်လာတယ်။ တောင်ပေါ်မှာလည်း အရင်ထက် ပိုများလာတာ အစုလိုက်အပြုံလိုက်ပေါ့။ လူတွေကလည်း မထွက်ရတာကြာတော့ ထွက်ကြတယ်နဲ့တူပါတယ်။ ဒါကိုတိုင်းအစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းကနေ လူစုလူဝေးမလုပ်ဖို့ ကားနဲ့လိုက်ပြီးတော့လှုံ့ဆော်နေရတယ်" ဟု ၎င်းကရှင်းပြသည်။

မန္တလေးတောင်ပေါ်သို့တက်ရောက်သူများမှ နေ့စဉ် လူဦးရေ ၅၀ဝ ခန့်ရှိနေသဖြင့် တောင်ပေါ်သို့မတက်ရန် တောင်ခြေနှင့် တောင်ဆင်း၊ တောင်တက်လမ်းတစ်လျှောက်တွင် အသိပေးမှုများပြုလုပ်နေရသည်ဟု မန္တလေးတောင်တော်ဂေါပကအဖွဲ့က ပြောဆိုသည်။

"၁ ရက်နေ့မနက်ပိုင်းက တက်လို့ရသေးတယ်။ ညနေပိုင်းမှာမရတော့ဘူးဆိုပြီး မိုက်နဲ့အော်နေတာ။ တောင်ပေါ် ရောက်ရင်လည်း အားကစားပစ္စည်းတွေကို မသုံးကြပါဘူး။ ကိုယ့်ဟာကို ကစားကြတာပါ။ မန္တလေးမှာ အားကစားခန်းမတွေကလည်း မဖွင့်သေးတော့ လူတွေက ဒီတောင်ပေါ်ကို အားကစားတစ်ခုအနေနဲ့တက်ကြတာပါ။ ဒီနေရာကိုပိတ်လိုက်ရင် ကျုံးဘေးမှာ သွားစုကြမယ်ထင်တယ်။  တကယ်တမ်းဆို စားသောက်ဆိုင်တွေလောက်တောင် ထိတွေ့မှုမရှိပါဘူး"ဟု  မန္တလေးတောင်ပေါ်သို့တက်ရောက်ကာ  ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခဲ့သူ မန္တလေးမြို့ဒေသခံမဖြိုးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံများ၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှု ဝန်ဆောင်မှုလုပ်ငန်းများ၊ Spa ၊ အလှပြင်ဆိုင်၊ အကြောပြင်လုပ်ငန်း၊ နိုက်ကလပ်၊ ကာရာအိုကေ၊ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲနှင့် တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံ၊ ရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ၊ ဘုရားများ၊ Church ကျောင်းများ၊ ဗလီနှင့်နေအိမ်အတွင်း စုဝေးဝတ်ပြုဆုတောင်းခြင်းများ၊ ယာယီပိတ်ထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေ အရ အရေးယူခံရမည်ဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ရတီ