News

POST TYPE

NEWS

ပုဂံဒေသ ရှေးဟောင်းအမွေအနှစ်ဇုန် (MZ) အတွင်း ခွင့်ပြုချက်မရှိ ခြံစည်းရိုးခတ်နေမှုများကို ရှင်းလင်း
04-Jun-2020


မန္တလေး၊ ဇွန် ၃

ပုဂံဒေသရှေးဟောင်းအမွေအနှစ် များတည်ရှိရာဇုန် (MZ) အတွင်း ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးခတ်နေမှုများကို  ရှင်းလင်းနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှသိရသည်။

ပုဂံမြို့သစ်မြောက်ဘက်ရှိ တာမဏီဘုန်းကြီးကျောင်းအနီးတွင် အုတ်တိုင်များစိုက်ထူ၍ ခြံစည်းရိုးခတ်နေကြောင်း သတင်းအရ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ကွင်းဆင်းစစ်ဆေးတားမြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပိုင်ရှင်ဖြစ်သူက ခြံစည်းရိုးများကို ဖျက်သိမ်းနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

"ခရိုင်စီ/ခန့် (စီမံခန့်ခွဲရေး) နဲ့ သံဃနာယကကိုတင်ပြရတယ်။ သံဃနာယကကနေမှ အဲ့ဒီကိုယ်တော်တွေခေါ်၊ ကျွန်တော်တို့ သာသနာရေးတို့ ခေါ်ပြီးတော့မှ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်ပြီးတော့မှ ဆုံးဖြတ်ချက်အရ  ပြန်ပြီးတော့ဖျက်သိမ်းခိုင်းတယ်။ မနေ့က ကျွန်တော်တို့ရုံးကို တာမဏိဆရာတော်နဲ့ ပိုင်ရှင်လာတွေ့တယ်။ ဒါကနိုင်ငံနဲ့ချီပြီး ပြဿနာတက်နိုင်တယ်။ ပြန်ဖျက်ပေးပါပြောတော့ မနေ့ကညနေကစပြီး ပြန်ဖျက်နေတယ်" ဟု ၎င်းကရှင်းပြသည်။

ခြံစည်းရိုးခတ်သည့်နေရာအကျယ်အဝန်းသည် ခန့်မှန်းငါးဧကခန့်ကျယ်ဝန်းကြောင်း၊ အမွေအနှစ် စာရင်းဝင်ဒေသများတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ တူးဖော်ခြင်းများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာဦးစီးဌာနများသို့ တင်ပြပြီးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိ ခြံစည်းရိုးခတ်သူများအနေနှင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) သို့ အကြောင်းကြားခဲ့ခြင်းမရှိကြောင်း ယင်းဌာနထံမှ သိရသည်။

"အခုကဖျက်သိမ်းလိုက်ပြီဆိုတော့ သူတို့ကိုဆက်ပြီး အရေးယူစရာမလိုတော့ဘူးပေါ့။ ဒီလိုမျိုး လုပ်လာတာတွေကတော့ မကောင်းဘူးပေါ့။ ပုဂံရဲ့ရှေ့အလားအလာအတွက်ပေါ့။ ကမ္ဘာ့အမွေအနှစ် တည်မြဲနိုင်ဖို့အတွက်ပြောရတာ။ ပြဿနာတွေဖြစ်လာရင် ဒီဘက်က စီမံခန့်ခွဲမှုဘက်က မထိန်းသိမ်းနိုင်တော့ဘူး လားဆိုပြီးမြင်လာနိုင်တာပေါ့။  ဘာငွေကြေးမှမကုန်ဘဲနဲ့ စည်းကမ်းလိုက်နာပေးရင်ကို ဝိုင်းဝန်းထိန်းသိမ်းရာရောက်ပါတယ်" ဟု ဦးမြင့်သန်းက ထပ်မံပြောကြားသည်။

ခြံစည်းရိုးခတ်ထားသည့် ဝင်းအတွင်း ရှေးဟောင်းအဆောက်အအုံ ၇ လုံးခန့် ရှိနေသည်။ 

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၏ ဇူလိုင်လ ၆ ရက်နေ့အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့ သည်။ 

ရတီ