News

POST TYPE

NEWS

ညောင်တုန်းတွင် မြစ်ရေတိုက်စား၍ ကမ်းပါးပြို၊ အိမ်သုံးလုံး အရေးပေါ်ပြောင်းရွှေ့
04-Jun-2020


ပုသိမ်၊ ဇွန် ၃

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ရန်ကင်းစံရာကျေးရွာအုပ်စု ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက ပန်းလှိုင်မြစ်ရေတိုက်စားသဖြင့် ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အိမ်သုံးလုံး အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့ထံမှသိရသည်။

ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ယင်းကျေးရွာ၏ ကမ်းခြေအကျယ် ၇၅ ပေ၊ ကမ်းခြေအလျား ၁၅၀ ပေခန့် မြစ်တွင်းသို့ ပြိုကျသွားခဲ့ကြောင်း၊ အန္တရာယ်ရှိသည့် အိမ်သုံးလုံးကိုဖျက်ပြီး ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ထားကာ စိုးရိမ်ရသည့် အိမ်ကိုးလုံးမှ မိသားစုများကိုလည်း သတိပေးထားကြောင်း ညောင်တုန်း မဲဆန္ဒနယ် ၂ မှ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဆန်းက The Voice Daily သို့ ပြောကြားသည်။

"ပန်းလှိုင်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေဆုံပြီး ရွာဘက်ကို မြစ်ကြောင်း (ရေစွယ်) ထိုးလာတာရယ်၊ တစ်ဖက်မှာ သောင်ထွန်းနေတော့ သင်္ဘောတွေက တစ်ဖက်ကိုကပ်မောင်းတာ ရေလှိုင်းကလည်းရိုက်တော့ အဲဒီနေရာကိုတိုက်စားပြီး ဂငယ်ပုံဝိုက်ပြီး ပြိုကျသွားတယ်။ လူနဲ့တိရစ္ဆာန်သေတာ ပျောက်တာမရှိဘူး" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ကမ်းပါးပြိုကျမှုကြောင့် အိမ်ဖျက်သိမ်းခံရပြီး ရွှေ့ပြောင်းခံရသည့် အိမ်ထောင်စုသုံးစုမှ လူဦးရေ ၁၂ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာ တန်ဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း ၃၂၅,၂၀ဝ ကျပ်ကို  မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ  ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေး မှူး ဦးသန်းစိုးက ပြောကြားသည်။

ပြိုကျသွားသော ကမ်းပါးနှင့်တစ်ဆက်တစ်စပ်တည်းတည်ရှိနေသည့် ကမ်းပါးအား မြစ်ရေတိုက်စားမှုနှင့် ရေလှိုင်းပုတ်ခတ် တိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန် ရေတားခြင်း၊ လှိုင်းကာခြင်းလုပ်ငန်းများကို မြစ်၊ ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးထားရှိပြီး ကမ်းဆယ်ခြင်းလုပ်ငန်းများအတွက် ဧရာဝတီတိုင်း အစိုးရထံတင်ပြကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ညောင်တုန်းမဲဆန္ဒနယ် အမှတ် ၂ မှ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က ပြောဆိုသည်။     

R-04