News

POST TYPE

NEWS

လားရှိုးအခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ
04-Jun-2020


လားရှိုး၊ ဇွန် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မြန်မာနိုင်ငံအရပ်ရပ်သို့ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲနေပြီဟု လုပ်ငန်းလိုင်စင်နှင့်  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာနထံမှသိရသည်။

COVID-19 ကာလ သင်္ကြန်မတိုင်မီကတည်းက နှစ်လနီးပါး ရပ်နားထားခဲ့ရာမှ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ယာဉ်လိုင်းအချို့ ပြန်ပြေးဆွဲခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် မှန်လုံယာဉ်လိုင်းအားလုံး ပြန်လည်ပြေးဆွဲခဲ့ကြောင်း လားရှိုးမြို့ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ တွဲဖက်ပြည်နယ် မှူး ဦးဇော်ဇော်ဝင်းက ပြောကြားသည်။

ပြန်လည်ပြေးဆွဲကြသည့် ယာဉ်လိုင်းများသည် COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာများက ထုတ်ပြန်ထားသည့်အမိန့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရ မည်ဖြစ်ကြောင်း၊ လိုက်နာမှုရှိမရှိ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"ရွှေလားရှိုးယာဉ်လိုင်းက လားရှိုး- ရန်ကုန်ကားတွေပြန်ထွက်ပါပြီ။ ခရီးသည်အပြည့်တင်လို့တော့ မရသေးဘူး။ ၃၈  ယောက်လိုက်နိုင်တဲ့ကားကို ၁၉ ယောက်ပဲတင်ရတယ်ဆိုတော့ နှစ်ခုံကိုတစ်ယောက် ထိုင်ရတဲ့သဘောပေါ့။ ကားခကိုတော့ နှစ်ခုံစာမယူဘူး လေးပုံတစ်ပုံ ပိုပေးရတာ။ အရင်က ၂၄,ဝ၀ဝ (ကျပ်)  ကို အခု ၃၀,ဝ၀ဝ ပေးရတော့ ၆၀ဝ၀ ပဲ  ပိုပေးရတာမို့ ခရီးသည်ဘက်ရောယာဉ် ပိုင်ရှင်အတွက်ရော နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ပြေးဆွဲပေးနေတာ။ မေလ နောက်ဆုံးပတ်တုန်းကတော့ ကုန်နဲ့ပါဆယ်တွေ ပို့ပေးနိုင်ဖို့ ရက်ခြားပြေးဆွဲ ပေးခဲ့ပါတယ်" ဟု ရွှေလားရှိုးယာဉ်လိုင်းမှ ဂိတ်မှူးဒေါ်သီတာက ပြောကြားသည်။ 

လားရှိုးမြို့မှ မြန်မာနိုင်ငံဒေသအနှံ့ သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၄၈ လိုင်းရှိပြီး ဇွန်လ ၃ ရက်နေ့ကစ၍ မြန်မာပြည်အရပ်ရပ်သို့ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲနေပြီဖြစ်သည်။  

R-07