News

POST TYPE

NEWS

ဟောင်ကောင်ကိစ္စတွင် ဝင်ရောက်စွက်ဖက်ပါက ရလဒ်ဆိုးသာရမည်ဟု ဗြိတိန်ကို တရုတ်ပြည်မကြီးသတိပေး
04-Jun-2020
ဟောင်ကောင်၊ ဇွန် ၃

လတ်တလောဟောင်ကောင်တွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုပြုလုပ်နေခြင်းသည် ပြဿနာကိုပြေလည်သွားစေမည်မဟုတ်ဘဲ ရလဒ်ဆိုးသာ ထွက်ပေါ်စေမည်ဖြစ်သည်ဟု တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံကို သတိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

တရုတ်ပြည်မကြီးက ရေးဆွဲပြဋ္ဌာန်းရန် စီစဉ်နေသည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဆိုင်ရာဥပဒေသစ် တစ်ရပ်နှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံက ဝေဖန်ပြောဆိုခဲ့မှုကို တရုတ်အစိုးရက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဗြိတိန်နိုင်ငံတွင် ဟောင်ကောင်ကျွန်းကို တရားစီရင်ပိုင်ခွင့် သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့် လုံးဝမရှိပါကြောင်း၊ ဟောင်ကောင်စီတီ၏ တည်ငြိမ်မှုနှင့် ကြီးပွားတိုးတက်မှုကို အဓိကခြိမ်းခြောက်နေသည့် အန္တရာယ်များသည် ပြည်ပအင်အားစုများဆီကသာလာခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 

"ဗြိတိန်နိုင်ငံအနေနဲ့ အန္တရာယ်ချောက်ကမ်းပါးစွန်းကနေ နောက်ပြန်ဆုတ်ပြီး စစ်အေးခေတ်အယူအဆတွေ၊ ကိုလိုနီအယူအဆတွေ စွန့်လွှတ်ဖို့ ကျွန်တော်တို့က အကြံပြုပြောကြားလိုပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇောင်လိုင်ဂျင်းက ပြောကြားသည်။ 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအပ်က ပြီးခဲ့သည့် အင်္ဂါနေ့က တရုတ်နိုင်ငံသည် (အမျိုးသားလုံခြုံရေးဥပဒေ ပြဋ္ဌာန်းခြင်းဖြင့်)ဟောင်ကောင်၏ အဖိုးတန်ရတနာကို ဖျက်ဆီးပစ်နေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေနှင့် အန္တရာယ်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ပြီး ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်တရားစီရင်ခွင့်ကို အသိအမှတ်ပြုလေးစားသင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရာအပ်က ပြောကြားသည်။ 

တရုတ်ပြည်မကြီးကသာ ဟောင်ကောင်အပေါ် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေကို သတ်မှတ်ပြဌာန်းမည် ဆိုပါက ဟောင်ကောင်ကို လွတ်လပ်သောနယ်မြေအဖြစ် အထူးအခွင့်အရေးပေးသတ်မှတ်ထားမှုအား အမေရိကန်ပြည်ထောင်စုအနေနှင့် ရုပ်သိမ်းသွားမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းက ဝေဖန်ခဲ့သေးသည်။ 

ယင်းသို့ ထရမ့်၏ဝေဖန်မှုနှင့် ပတ်သက်၍ ဟောင်ကောင်အစိုးရနှင့် တရုတ်နိုင်ငံပိုင်မီဒီယာတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ 

"အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်အရေးယူမည်ဆိုသောကိစ္စသည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့ကို ဒုက္ခ ရောက်စေမည်မဟုတ်ပေ။ အမေရိကကိုသာ အမှန်တကယ် ဒုက္ခရောက်စေမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်" ဟု တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ဖော်ပြခဲ့သည်။ 

F-01