News

POST TYPE

NEWS

နီပေါရောက် မြန်မာများကို တပ်မတော်လေယာဉ်ဖြင့် ပြန်ခေါ်မည်ဟုဆို
03-Jun-2020
တောင်ငူ၊ ဇွန်၃

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန် အဆုတ်ရောင်ရောဂါကြောင့် နီပေါနိုင်ငံတွင်ပိတ်မိနေပြီး အခက်ခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများကို တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးရန်ရှိနေသည်ဟု နီပေါရောက် မြန်မာအချို့ထံမှ သိရှိရသည်။

တောင်အရှနိုင်ငံတစ်ခုဖြစ်သည့် နီပေါနိုင်ငံသို့ မြန်မာနိုင်ငံသား ၃၀ ကျော်ရောက်ရှိနေရာ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ကူညီမှုဖြင့် ဇွန်လ ၅ ရက်နေ့တွင် တပ်မတော်လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူမည်ဟု နီပေါရောက် မြန်မာနိုင်ငံသား ဦးထွန်းအောင် (ခေါ်) ဒီကေးက ပြောကြားသည်။

“နီပေါမှာပိတ်မိနေတာ လူသုံးဆယ်ကျော်ရှိတယ်။ ဇွန် ၅ ရက်မှာ Kathmandu လေဆိပ်ကနေ နေပြည်တော်အထိ လေယာဉ်နဲ့ခေါ်မယ်။ ပြန်မယ့်လူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

နီပေါနိုင်ငံတွင် ပညာတော်သင်များ၊ အလည်ပတ်ရောက်နေသူများနှင့် အစိုးရဝန်ထမ်းများ စုစုပေါင်း ၃၀ ကျော်ရှိနေပြီး ဘုရားဖူးရောက်နေသည့် ပဲခူးတိုင်း တောင်ငူမြို့နယ် နတ်စင်ကုန်းကျေးရွာမှ မိသားစုဝင် သုံးဦးလည်း ပိတ်မိနေခြင်းဖြစ်သည်။

တောင်ငူမြို့ခံ မိသားစုဝင်အချို့ နီပေါနိုင်ငံတွင် ဒုက္ခရောက်နေသည့်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီး အကူညီတောင်းခံပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ် ဖွံဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားထားသည်။

နီပေါနိုင်ငံသို့ အလည်အပတ်သွားရာမှ ပိတ်မိနေသူများသာမက ပညာရေးကိစ္စဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀ နီးပါးက နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံသို့ အကူညီတောင်းခံခဲ့ကြခြင်းဖြစ်သည်။

R-02