News

POST TYPE

NEWS

ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ၁ သန်းကျော် ယူနီဆက်ထံမှ ဝယ်ယူ
03-Jun-2020


ရန်ကုန်၊ ဇွန် ၂

မြန်မာနိုင်ငံတွင် နှစ်စဉ်ပြုလုပ်လျက်ရှိသော ပုံမှန်ကာကွယ်ဆေးထိုးအစီ အစဉ် ပြန်လည်စတင်ရန် ကာကွယ်ဆေး ပမာဏ ၁ သန်းကျော်ကို ယူနီဆက်ထံမှ ဝယ်ယူထားကြောင်း ယူနီဆက်က သတင်းထုတ်ပြန်သည်။

အဆိုပါ ကာကွယ်ဆေး ၁.၁၆ သန်း သည် ဇွန် ၁ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါပိုးကို တိုက်ဖျက်ရန်နှင့် အရှိန်မြှင့်၍ စစ်ဆေးနိုင်ရန် ယူနီဆက်နှင့် Scanned Global Logistics တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး ရေးကိရိယာ (Test Kits) တစ်သောင်းနှင့် အခြား ထောက်ပံ့ရေးပစ္စည်းများပါ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဧပြီလနဲ့ မေလတွေမှာ ပုံမှန်ကာ ကွယ်ဆေးမထိုးခဲ့ရတဲ့ ကလေးငယ်အားလုံးသာမက မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပုံမှန်ကာကွယ်ဆေးမထိုးခဲ့ရဘဲ လွတ်ကျန်နေခဲ့တဲ့ကလေးငယ်များအားလုံးကိုပါ ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ထို့အပြင် ကာကွယ်ဆေးထိုး အစီအစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများမရှိစေရန် ကာကွယ်ဆေးထိုးမည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြင်ဆင်ထားရန်နှင့် တစ်နေ့လျှင် ကလေးငယ် ၅၀ ဦးခန့်သာ ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သည်။

“အခုကပ်ရောဂါအတွင်းမှာ ကလေးငယ်များ ကျန်းကျန်းမာမာရှိနေဖို့နဲ့ လိုအပ်တဲ့ အခြားအခြေခံလိုအပ်ချက်တွေကို ကလေးငယ်တွေ ဆက်လက်ရရှိနေဖို့အတွက် ကူညီပံ့ပိုးသွားမှာဖြစ်တယ်”ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ် Ms.June Kunugi က ပြောကြားသည်။

တိုးချဲ့ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် များကို ၁၉၇၀ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။


J-02