News

POST TYPE

NEWS

AA နှင့် ပတ်သက်သည့် မူးယစ်ဆေးဝါးများ ဖမ်းမိ၊ AA နှင့် ARSA ပူးပေါင်းကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု ပြုလုပ်ဟုဆို
03-Jun-2020

ရန်ကုန်၊ ဇွန် ၂

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ဆက်စပ်ပတ်သက်သော စိတ်ကြွရူးသွပ် ဆေးပြားများကို ရခိုင်ပြည်နယ် မောင်တော မြို့အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့နှင့် ARSA အကြမ်း ဖက်အဖွဲ့တို့ ပူးပေါင်းကာ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

မေလ ၃၁ ရက်နေ့က သတင်းပေးချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်းအဖွဲ့သည် မောင်တော မြို့နယ် ကန်သာယာကျေးရွာရှိ ရွှေသိန်း၊ ၃၁ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ကားဂိုဒေါင်အတွင်းရပ်ထားသည့် FORLAND အမျိုးအစား၊ ယာဉ်အမှတ် YGN 9P-5603 (ယာဉ်လိုင်စင် စိစစ်ဆဲ) ပေါ်တွင် တင်ဆောင်ထားသည့် ဆာလာ အိတ် ၁၈ အိတ်အတွင်းမှ WY/R စာတန်း ပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၃၇,၅၀၀ ပြား (၎င်းဒေသ တန်ဖိုးငွေ ကျပ် သိန်း ၄၈,၇၅၀) နှင့် နေအိမ်မှ PAA- 912 နံပါတ်ပါ AUSTRIA နိုင်ငံထုတ် Glock ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၅ တောင့်၊ မြန်မာငွေကျပ် ၄၉ သိန်း၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် Hijet အမျိုးအစား၊ ယာဉ်အမှတ် YGN 1G-9180 မော်တော်ယာဉ်တစ်စီး (ယာဉ်လိုင်စင် စိစစ်ဆဲ) တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ ရွှေသိန်းဆိုသူမှာ ကြိုတင်တိမ်းရှောင်သွားပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးမစိန် ၃၀ နှစ်နှင့် ဆက်စပ် ပတ်သက်သူ ရခိုင်အမျိုးသား ၅ ဦးတို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ကနဦး စစ်ဆေးပေါ်ပေါက်ချက်များအရ ရွှေသိန်းသည် AA လက်နက်ကိုင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းရွာတွင် ရွာသား အသွင်နေထိုင်ကာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်း၊ လူသစ်စုဆောင်းခြင်း တာဝန်ခံအဖြစ်ဆောင်ရွက်ကြောင်း၊ သိမ်းဆည်းရမိသောသေနတ်မှာ AA အဖွဲ့က ထုတ်ပေးထားသည့် သေနတ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ ရခိုင်တိုင်းရင်းသား ၅ ဦး အနက် ၂ ဦးမှာ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွင် ရွှေသိန်းနှင့်အတူ ကိုယ် တိုင်ပါဝင်ပတ်သက်သူဖြစ်ပြီး ကျန်အမျိုး သား ၃ ဦးမှာ ရသေ့တောင်မြို့နယ်၊ ပေါက် တောပြင်ရွာဇာတိများဖြစ်ကာ AA အဖွဲ့ ထံတွင် သင်တန်းတက်ရောက်ရန် ရွှေသိန်း က လူသစ်စုဆောင်းထားပြီး ၎င်း၏နေအိမ်တွင် ခေတ္တခေါ်ထားသူများဖြစ်ကြောင်း၊ ထိုသို့ နေထိုင်စဉ် ရွှေသိန်းစေခိုင်းသည့် မူးယစ်ဆေးဝါးသယ်ဆောင်မှုကိစ္စများကို ဆောင်ရွက်ပေးရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် ကန်သာယာကျေးရွာမှာ ရခိုင်တိုင်းရင်းသားများနေထိုင်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှာလည်း ရခိုင်တိုင်းရင်းသားအများစုနှင့် မြိုတိုင်းရင်းသားများ နေထိုင်ရာကျေးရွာများဖြစ်ကြောင်း၊ အငူမော်-မောင်တော ကားလမ်းတစ်လျှောက်သည် ရခိုင်တိုင်းရင်းသားကျေးရွာ များဖြစ်ကြောင်း၊ AA အဖွဲ့သည် ဘူးသီး တောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယုမြစ် အရှေ့ဘက်ကမ်းရှိ ရသေ့တောင်-ဘူးသီးတောင် ကားလမ်းနှင့် မေယုမြစ်ကြောင်းကို ထိန်းချုပ်ထားကာ ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေမှတစ်ဆင့် မူးယစ်ဆေးဝါးများကို လူဖြင့်လည်းကောင်း၊ စက်လှေ၊ မော်တော်ယာဉ်တို့ဖြင့် လည်းကောင်း အဆင့်ဆင့်သယ်ဆောင်ကာ မောင်တောမြို့ပေါ်နှင့် မောင်တော တောင်ဘက်ခြမ်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ မောင်တောမြို့တောင်ဘက်ခြမ်း နယ်မြေ မှာ ၂၀၂၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၁၃ မှုနှင့် ဖမ်းဆီးရမိ ပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၉၅၀,၃၇၉ ပြားရှိခဲ့ကာ ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိတရားခံ ၁၇ ဦး၊ ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်၍ အသေဖမ်းဆီးရမိသူ ၁ ဦးနှင့် တရားခံပြေး ၆ ဦးတို့ဖြစ်ကြောင်း၊ မောင်တောမြို့မှတစ်ဆင့် မောင်တောမြောက်ဘက်ခြမ်း နယ်မြေ အားဖြတ်သန်းကာ တစ်ဖက်နိုင်ငံနယ်စပ်သို့ မူးယစ်ဆေးဝါး ဆက်လက်ပို့ဆောင်သူများ မှာ ARSA အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သောသူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကုန်ပိုင်း ကလည်း မောင်တောမြို့ပေါ်မှ WY/R စာ တန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀ ပြားကို မော်တော်ယာဉ်နှင့် အတူ ဖမ်းဆီးရမိမှုဖြစ်စဉ်၊ မေလ ၃၀ ရက် နေ့တွင် ယင်းအမှုနှင့် ဆက်စပ်သူ၏ နေအိမ် မြေအောက်ခန်းအတွင်းမှ WY/R စာတန်း ပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား ဖော်ထုတ်ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် မူးယစ်ဆေးဝါးအရေအတွက် များပြားသော ဖော်ထုတ်ရရှိမှု အပါအဝင် မောင်တောမြို့ မြောက်ဘက်ခြမ်း နယ်မြေ အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ပေါင်း ၃၉ မှုနှင့် ဖမ်းဆီးရမိပမာဏမှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၈,၁၂၆,၆၅၇ ပြားရှိ ကြောင်း၊ ဖမ်းဆီးရမိ ပါဝင်ပတ်သက်သူ တရားခံများမှာ ဖမ်းမိတရားခံ ၄၅ ဦး၊ ပြန် လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်အသေ ဖမ်းဆီးရမိသူ ၄ ဦးနှင့် တရားခံပြေး ၆ ဦး တို့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ AA အဖွဲ့ နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် ချိတ် ဆက်ပူးပေါင်းကာ တရားမဝင် မူးယစ်ဆေး ဝါးသယ်ဆောင်ရောင်းဝယ်မှုမှ ရရှိသော အကျိုးအမြတ်များဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်ရေးနှင့် တရားမဝင် လက်နက်ခဲယမ်းများ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လက်နက်စွဲကိုင် အကြမ်းဖက်လုပ်ဆောင် ဆောင်ရွက်မှုများအဖြစ် စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

S-04