News

POST TYPE

NEWS

နိုင်ငံ ၅ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၇ ဦးကို ထပ်မံခေါ်ဆောင်မည်
02-Jun-2020
ရန်ကုန်၊ ဇွန် ၂

ကိုရီးယားနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ နိုင်ငံ ၅ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၇ ဦးသည် ဇွန်လ ၅ ရက်နေ့တွင် ထပ်မံပြန်လာဦးမည်ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ လေကြောင်းလိုင်းဖြင့်ပြန်လည်ရောက်ရှိလာသည့်အရေအတွက်မှာ ၇၀၀ ကျော်အထိရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသံရုံး (ဆိုးလ်) မှသိရသည်။

နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှုရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးနိုင်ငံနှင့် အခြားနိုင်ငံတို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး မဖြစ်မနေပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအတွက် ဆဌမအကြိမ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းသံရုံးက ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် လာမည့် ဇွန်လ ၅ ရက်နေ့တွင် ကိုရီးနိုင်ငံမှ မြန်မာနိုင်င့သား ၈၅ ဦး၊ ကနေဒါနိုင်ငံမှ ၃ ဦး၊နော်ဝေးနိုင်ငံမှ ၃ ဦး၊ အမေရိကန်နိုင်ငံမှ ၃၀ ဦး၊ဆွစ်ဇာလန်နိုင်ငံမှ ၁ ဦး၊ မြန်မာသင်္ဘောသား ၁၅ ဦးတို့ ပြန်လည်လိုက်ပါလာမည်ဖြစ်သည်။

မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား (၃၅) ဦး၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံ၊ ကာတာနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဟောင်ကောင်တို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၄၂) ဦးနှင့် မြန်မာသင်္ဘောသား (၁၇) ဦး၊ စုစုပေါင်း (၉၄) ဦး တို့ကို ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။

ကမ္ဘာ့နိုင်ငံအသီးသီးသို့ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူများကို ကိုရီးယားနိုင်ငံမှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးနေရာ ၄ ကြိမ်မြောက်အထိ နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသား ၄၇၆ ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

နိုင်ငံအသီးသီးမှ ပြန်လည်ဝင်ရောက်လိုသူများအတွက် ကယ်ဆယ်ရေးလေယာဉ်ကို တစ်ပတ်လျှင်တစ်ကြိမ် ပြေးဆွဲပေးရန်အတွက် စီစဉ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂ ရက်နေ့တွင် ထိုင်း၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့ရှိ မြန်မာသံအမတ်များနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။