News

POST TYPE

NEWS

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေသစ်အကြောင်း ပညာပေး
02-Jun-2020

မန္တလေးမြို့ ၃၇ လမ်းနှင့် ၇၈ လမ်းတွင် ဥပဒေအသစ်ပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်။

မန္တလေး၊ ဇွန် ၁

မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအသစ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်၌ လုပ်ဆောင်ခဲ့သည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) တွင် အခန်း ၁၅ ခန်းပါဝင်ရာ ဥပဒေပါ စည်းကမ်းများအရ ဒဏ်ငွေ ကျပ်သုံးသိန်း အထိ တိုးမြှင့်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၉၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသောင်း ထိုက်ဦးက ပြောကြားသည်။

ယင်းဥပဒေတွင်ပါဝင်သော ဥပဒေပါ အချက်များကို မော်တော်ယာဉ်အသုံးပြုသူများ သိရှိနိုင်စေရန် ပညာပေးခြင်းဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ ပြစ်ဒဏ်နှင့် ဒဏ်ကြေးများကို သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“ယာဉ်အသုံးပြုသူတွေအတွက် လျော်ညီတဲ့ဥပဒေတွေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အများပြည်သူ သတိမထားမိသေးတာက ၁၀ နှစ်အောက် ကလေးတွေ လိုက်ပါလာမယ်ဆိုရင် ၁၀ နှစ်အောက် ကလေးတွေအတွက် အသက်ကယ်ထိုင်ခုံ၊ ခါးပတ်ပါမှ လိုက်ရမယ်ဆိုတာတွေ ပါလာတယ်။ ဒီစာအုပ်ကိုဖတ်ရင် အများပြည်သူသိရှိသင့်တဲ့အချက်တွေကို သိရှိနားလည်နိုင်အောင် ပညာပေးခြင်းဖြစ်ပါတယ်”ဟု ဒုရဲမှူးက ဆက်လက်ပြောဆိုသည်။

မော်တော်ယာဉ်အသုံးပြုသူများသည် ဥပဒေပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ခဲ့လျှင် အနည်းဆုံး ဒဏ်ငွေ ၃၀,၀၀၀ ကျပ် မှ ၃ သိန်းအထိလည်းကောင်း၊ ထောင်ဒဏ် ၁ လမှ ၃ နှစ် အထိလည်းကောင်း သတ်မှတ်ပုဒ်မအလိုက် ပြစ်ဒဏ်များချမှတ်နိုပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

သတ်မှတ်စည်းကမ်းများကို ယာဉ်အသုံးပြုသူများအနေနှင့် လိုက်နာသင့်ပြီး ဥပဒေပါအချက်များကို လိုက်နာခြင်းသည် မိမိအသက်အန္တရာယ်ကို ကာကွယ်စောင့် ရှောက်ခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ဦးမောင်ကြီးက ပြောကြားသည်။

“ဆိုင်ကယ်စီးတဲ့သူတွေဆိုရင် ဦးထုပ်မဆောင်းတာ၊ တစ်ဖက်က ယာဉ်ရှင်းတာနဲ့ မီးနီဖြတ်တာတွေ အတော်များတယ်။ ဥပဒေက နောက်မှတစ်ခုခုဖြစ်ရင် ကိုယ်အရင်ခံရမှာလေ။ ဒါကြောင့် ဥပဒေကိုလိုက် နာစေချင်တယ်။ ဒါမျိုးတွေကိုလည်း စိစစ်ကြပ်မတ် အရေးယူစေချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့သည် တိုင်းအတွင်းရှိ မြို့နယ်အလိုက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

ဘုန်းမြတ်