News

POST TYPE

NEWS

ပုဇွန်တောင်တွင် Mask မတပ်သူ ၇ ဦးကို အရေးယူ
01-Jun-2020
ရန်ကုန်၊ ဇွန်-၁

ပုဇွန်တောင်မြို့နယ်တွင် ဇွန်လ ၁ ရက်နေ့က အပြင်ထွက်ပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူ ၇ ဦးကို ဖမ်းဆီးကာ အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌဖြစ်သူ ဦးမြင့်မြတ်သူက ပြောကြားသည်။

အဆိုပါ ပုဇွန်တောင်မြို့နယ်အတွင်း Mask မတပ်သူများကို မနက်ပိုင်းကစပြီး ပုဇွန်တောင်ဈေးရှေ့မှ စတင်ကာ တစ်မြို့နယ်လုံးကို လိုက်လံဖမ်းဆီးအရေးယူခဲ့ပြီး Mask မတပ်သူ ကျား ၆ ဦး၊ မ ၁ ဦးကို ရဲကားဖြင့်တရားရုံးသို့ပို့ဆောင်ကာ အရေးယူဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီဟာက ရေရှည်သွားမယ့်သဘောရှိတယ်။ အမိန့်တွေ မရုတ်သိမ်းမချင်း ပုဇွန်တောင်မှာကတော့ Mask မတပ်ရင် အရေးယူဆောင်ရွက်နေပါတယ်။ Mask ကို အပြင်ထွက်ရင် တပ်ကြပါ”ဟု ၎င်းက ဆိုသည်။

အပြင်ထွက်ပါက နှာခေါင်းစည်း Mask မတပ်သည့်သူများကို ကားဖြင့် တင်ဆောင်ကာ တရားရုံးတွင် ငွေဒဏ် (၅၀၀၀) ပေးဆောင်ခိုင်းကာ အရေးယူဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုများအနေဖြင့် နေအိမ်မှ အပြင်ထွက်ပါက နှာခေါင်းစည်း(Mask)များတပ်ဆင်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်အသီးသီးကို ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ 

ယခုလက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကူးစက်ခံရသူ ၂၂၈ ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ ၁၃၈ ဦးရှိကာ ၆ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

S-05