News

POST TYPE

NEWS

နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းပြန်ဖွင့်ရန် ရက်သတ်မှတ်ထားခြင်း မရှိသေး
31-May-2020
ရန်ကုန်၊ မေ ၃၀

ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်တွင် Quarantine ဝင်နေသူများ ရှိနေသေးသောကြောင့် ယခုအချိန်ထိ ကျောင်းဖွင့်ရက်ကို သတ်မှတ်ထားသေးခြင်းမရှိကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

ယခုအချိန်ထိ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၏ အမျိုးသားအဆောင်များတွင် Quarantine ဝင်နေသူများ ရှိသောကြောင့် တက္ကသိုလ်ပြန်ဖွင့်ရန် ရက်မသတ်မှတ်ရသေးဘဲ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ရမှသာ ဖွင့်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောင်းဆောင်များကို ရန်ကုန်တိုင်းအစိုးရထံ လွှဲပြောင်းပေးထားပြီး အဆောင်မှူးများမှလွဲ၍ ကျန်သူများတက္ကသိုလ်အတွင်းမှ ပြောင်း ရွှေ့ထားရသည်။

ယင်းတက္ကသိုလ်တွင် Quarantine ဝင်နေသူ ၈၀ ခန့်ရှိခဲ့ပြီး ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများဖြစ်၍ ၎င်းတို့ကို အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင်တို့တွင် နေရာချပေးကာ ၎င်းတို့ နှင့် ပတ်သက်သောကိစ္စများကို ရန်ကုန်တိုင်းအစိုးရက တာဝန်ယူထားသည်။

"ကျောင်းဖွင့်တာ နောက်ကျတဲ့အတွက် စိတ်မကောင်းပါဘူး။ နိုင်ငံတကာကိုပဲကြည့်ကြည့်၊ မြန်မာနိုင်ငံကိုပဲ ကြည့်ကြည့်ပညာရေးမှာ အရင်လို တစ်နှစ်ပိတ်တယ်၊ ၂ နှစ်ပိတ်တယ်ဆိုတဲ့ အဖြစ်မျိုး ကြုံကြိုက်စရာမရှိပါဘူး" ဟု ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ် မှ ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

ရန်ကုန်နိုင်ငံခြားဘာသာစကား တက္ကသိုလ်အနေနှင့် ပထမနှစ်ဝက်စာမေးပွဲတွင် ဖြေဆိုရန် ၂ ဘာသာ ကျန်ရှိနေသောကြောင့် ဒုတိယနှစ်ဝက် ပညာသင်နှစ်ကို ဖွင့်လို့မရသေးဘဲ ကျောင်းပြန်ဖွင့်ပြီဆိုပါက စာမေးပွဲများကို အရင်ဆုံးဖြေဆိုရမည်ဖြစ်သည်။ လက်ရှိတွင် မဟာဝိဇ္ဇာသင်တန်းများကို အရင်ဆုံးဖွင့်ရန်စီစဉ်နေပြီး ရက်မသတ်မှတ်ရသေးကြောင်း ၎င်းကရှင်းပြသည်။

အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်များကို ဇူလိုင်လကုန်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး Quarantine စင်တာအဖြစ် အသုံးပြုထားသော တက္ကသိုလ်များအနေနှင့် ကျောင်းဖွင့်ရက်များ မသတ်မှတ်နိုင်သေးပေ။ 

J-02