News

POST TYPE

NEWS

မန္တလေးတိုင်းတွင် ခရီးသွားလုပ်ငန်းများကို ဇွန်လဆန်းတွင် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်
31-May-2020


မန္တလေး၊ မေ ၃၀

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် ၁၉) ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိတ်ပင်ထားသည့် ခရီးသွားလာရေးလုပ်ငန်းများကို ဇွန်လဆန်းပိုင်းမှစတင်၍  ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

မော်တော်ယာဉ်လိုင်းများကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲစေမည်ဖြစ်ကြောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ ခရီးသည်တင်ယာဉ်လိုင်းများကိုလည်း ပြန်လည်ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း  မန္တလေးတိုင်းလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ကပြောကြားသည်။ 

“ဖြေလျှော့မှုတချို့ လုပ်လိမ့်မယ်။ မော်တော်ယာဉ်လိုင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စံသတ် မှတ်ချက်တွေနဲ့အညီ ပြန်လည်ပြေးဆွဲစေမယ်။ နောက်တစ်ခုကတော့ စားသောက်ဆိုင်တွေပေါ့။ သတ်မှတ်ထားတဲ့စံသတ် မှတ်ချက်တွေနဲ့ ဆိုင်ထိုင်စနစ် ပြန်လည်သတ်မှတ်ပေးမယ်”ဟု ၎င်းက ပြောဆိုသည်။

ဇွန်လဆန်းပိုင်းမှစ၍ ပြည်တွင်းခရီးသည်များအားလုံး အသွားအလာကန့်သတ်၍ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုခံယူရန် မလိုအပ်တော့ကြောင်း၊  ပြည်ပမှပြန်လည်ဝင်ရောက်လာသူများကိုသာ Quarantine ဝင်ရောက်စေမည်ဟု ဦးဇာနည်အောင်က ထပ်မံရှင်းပြသည်။

မန္တလေးတိုင်းအတွင်းရှိ ဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ရုံများ၊ ကေတီဗီများကိုမူ ပြန်လည်ခွင့်ပြုဦးမည် မဟုတ်သေးကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ ထပ်မံသိရသည်။ 

တိုင်းနှင့် ပြည်နယ်အသီးသီးမှ ခရီးသည်တင်ယာဉ်များအားလုံး သတ်မှတ်လမ်းများမှ ရှောင်ကွင်းသွားလာရန်၊ မန္တလေးတိုင်းအတွင်းမှ တိုင်းပြင်ပသို့ ခရီးသွားလာရေးလုပ်ငန်းများ ပိတ်သိမ်းထားရန် ဧပြီလ ၄ ရက်က စတင်တားမြစ်ကန့်သတ်ခဲ့ခြင်းဖြစ်ပြီး စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် မတ်လ ၂၈ က စတင်တားမြစ်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။                        

ဘုန်းမြတ်