News

POST TYPE

NEWS

ဧရာဝတီတိုင်းရှိ စာသင်ကျောင်း ၉၀ဝ ကျော်မှ Quarantine Center များ ဇွန်လ ၁၅ ရက်နေ့ ပြန်အပ်ရမည်
31-May-2020
Quarantine Center အဖြစ် အသုံးပြုထားသည့် ပုသိမ်မြို့ အမှတ် (၉) အ.ထ.က ကိုတွေ့ရစဉ်

ပုသိမ်၊ မေ ၃၀

ဧရာဝတီတိုင်းအခြေခံပညာဦးစီးဌာနလက်အောက်ရှိ စာသင်ကျောင်း ၉၂၉ ကျောင်း၌ Quarantine Center အဖြစ် အသုံးပြုထားသော စာသင်ဆောင်များကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထား၍ ပညာရေးဌာနသို့ ပြန်အပ်ကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြားထားကြောင်း ဧရာဝတီတိုင်းအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။ 

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိ၍ သတ်မှတ်ထားသည့်နေ့ထက် နောက်မကျစေဘဲ ပြန်လည်အပ်ပေးနိုင်ရန် ကြိုတင်အကြောင်းထားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးကျော်ဝင်းက ပြောကြားသည်။

"ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အကြံပြုညွှန်ကြားချက်တွေနဲ့အညီ ကျောင်းစာသင်ခန်းတွေ အဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီဖြစ်တယ်။ မြို့နယ် Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီနဲ့ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ရမှာလည်းရှိနေတယ်" ဟု ၎င်းကရှင်းပြသည်။

Quarantine စင်တာအဖြစ် အသုံးမပြုသည့် ကျောင်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  အကြံပြုညွှန်ကြားချက်နှင့်အညီ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး၊ ထိုင်ခုံများထားရှိရေးတို့အတွက် စတင်ပြုလုပ်နေပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံစိတ်ချရသည့်အထိ ပြင်ဆင်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်းလည်း ဦးကျော်ဝင်းက ထပ်မံပြောဆိုသည်။

"မိဘတိုင်း ကိုယ့်ကလေးတွေအတွက် စိုးရိမ်ပူပန်မှုရှိနေမှာပါ၊ ကျွန်မလည်း ကျွန်မသားလေးနဲ့ သမီးလေးအတွက် စိုးရိမ်နေပါတယ်။ သိတဲ့တတ်တဲ့သူတွေက အသေအချာလုပ်ပေးစေချင်ပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလားမရှိဘူးလား ပညာရှင်တွေအသိဆုံးပါ" ဟု Quarantine Center အဖြစ် အသုံးပြုထားသည့် ပုသိမ်မြို့ အမှတ် ၉ အထက်တန်းကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၀ဝ၀ ဝန်းကျင်ရှိသည့်အနက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၉၂၉ ကျောင်းရှိ ကျောင်းဆောင်အချို့ကို Quarantine Center အဖြစ် အသုံးပြုထားပြီး ယင်း Center များတွင် ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမ ၆၇၀ ဦးခန့် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းအခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးရုံးထံမှ ထပ်မံသိရသည်။

R-04