News

POST TYPE

NEWS

ဗစ်တိုးရီးယားအမှုတွင် တာဝန်ပျက်ကွက်သူ ရဲအရာရှိသုံးဦးကို ရာထူးတိုးရပ်ဆိုင်းခြင်းဖြင့် အရေးယူ
31-May-2020
နေပြည်တော်၊ မေ ၃၀

နေပြည်တော်ရှိ ဝစ်စတန်ဟေး မူကြိုကျောင်းမှ ကျောင်းသူကလေးငယ် ဗစ်တိုးရီးယားအမှုတွင် အရေးယူဆောင်ရွက်မှု တာဝန်ပျက်ကွက်ခဲ့သည့် ရဲအရာရှိ ၃ ဦးကို ရာထူးတိုးရပ်ဆိုင်းခြင်းဖြင့် အရေးယူထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဦးဇော်ဌေးက ပြောကြားသည်။

"တိတိကျကျပြောရရင် အဓိကတာဝန်ရှိတဲ့ ရဲအရာရှိသုံးဦးကို ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ ပြစ်ဒဏ်နဲ့အရေးယူထားတယ်လို့ ကျွန်တော်တို့ကိုပြန်ပြီးတင်ပြထားပါတယ်"ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မေ ၃၀) ရက်ညနေပိုင်း၌ အိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားအမှုကို အမှုမှန်ပေါ်ပေါက်ရေးနှင့် ထိထိရောက်ရောက် အရေးယူမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားခဲ့သော်လည်း အမှုသည်ပေါ်ပေါက်ခြင်းမရှိခဲ့သည့် အခြေအနေရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် သံသယရှိသူဟုရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးခဲ့သည့်သူသည်လည်း အပြစ်ရှိသူမဟုတ်ကြောင်း ဒက္ခိဏခရိုင်တရားရုံးက အမိန့်ချခဲ့ပြီးဖြစ်သည်။