News

POST TYPE

NEWS

အမြန်လမ်းပေါ်တွင် ယာဉ်တစ်စီး ဂတ်စ်ဝေးတန်းကို ဝင်တိုက်
31-May-2020
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ မေ ၃၀

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က လမ်းဘေးတွင် ကာထားသည့်ဂတ်စ်ဝေးတန်းများကို အိမ်စီးယာဉ်က အရှိန်လွန်ဝင်တိုက်မိရာမှ ယာဉ်မောင်းအမျိုးသား ပဲခူးဆေးရုံကြီးတွင် သေဆုံးခဲ့ရသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အိမ်စီးမော်တော်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၄၃ အနီး ဂတ်စ်ဝေးတန်းများကို အရှိန်နှင့်တိုက်မိကာ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသားမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း ယာဉ်မောင်းသေဆုံးခဲ့ရခြင်း ဖြစ်သည်။

"ဒဏ်ရာပြင်းတဲ့ ယာဉ်မောင်းကို ပဲခူးဆေးရုံကြီးကိုပို့ဆောင်ကုသနေတုန်း မွန်းတည့် ၁၂ နာရီလောက်မှာ ဆုံးသွားတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့နံနက်က ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ အမြန်လမ်းမကြီးအတိုင်း ကံအေး (၅၈ နှစ်) မောင်းနှင်လာသည့်ယာဉ်သည် မိုင်တိုင် ၄၃ အနီးတွင် အရှိန်လွန်ကာလမ်းဘေးအကာအရံတန်းများကို တိုက်မိကာရပ်တန့်ခဲ့ပြီးနောက် ယာဉ်မောင်းနှင့်အဖော် လိုက်ပါလာသူ အမျိုးသားတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အနက် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့သည်ဟု ဘောနီ အမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ ကံအေးကို ဘောနီအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၆/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။ 

R-02