News

POST TYPE

NEWS

စာသင်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများကို တရားဝင်ခန့်အပ်ပေးရန် လူ့အခွင့်ရေးကော်မရှင်က တိုက်တွန်း
30-May-2020
ရန်ကုန်၊ မေ ၃၀

အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ရာထူးအဆင့်ရှိသော ကျန်းမာရေးဝန်ထမ်းများကို တရားဝင်ခန့်အပ် တာဝန်ပေးနိုင်ရေးအတွက် ကျင့်သုံးဆောင်ရွက်ရမည့် စည်းမျဉ်းများထဲတွင် ထည့်သွင်းချမှတ်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က တိုက်တွန်းပြောကြားသည်။ 

အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူ အရေအတွက်များပြားလှသောကြောင့် ရောဂါကူးစက်မှု တစ်ခုဖြစ်ပွားချိန်တွင် ရောဂါပြန့်နှံ့မှုကို တားဆီးရန်အတွက် ကိုင်တွယ်ရခက်ခဲမည့် အချက်ဖြစ်ကြောင်း ယင်းကော်မရှင်ကသတင်းထုတ်ပြန်ထားသည်။

ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် နှာခေါင်းစည်း ၊ မျက်နှာဖုံးတပ်ခြင်း ၊ သတ်မှတ်အကွာအဝေးတွင် ထိုင်စေခြင်း ၊ လက်ဆေးခြင်းနှင့် ကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို ဆရာ ၊ ဆရာမများနှင့် ကျောင်းတာဝန်ရှိသူများက သေချာစွာဆောင်ရွက်လိမ့်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်စိတ်ချသော်လည်း ရောဂါကူးစက်ခံရမှု အစောဆုံးသိရှိရေးမှာလည်း အရေးကြီးသည်ဟု လည်းဆက်လက်ပါရှိသည်။

ယင်းအတွက်ကြောင့် ပြန်လည်ဖွင့်လှစ်မည့် ကျောင်းတိုင်းတွင် သင့်တော်သည့် ရာထူးအဆင့်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို  လက်တွေ့လိုအပ်သည့်အရေအတွက်ထိ တရားဝင်တာဝန်ပေး ခန့်အပ်ရေးကို ချမှတ်ရန် ရည်ရွယ်ထားသည့် စည်းမျဉ်းစည်းကမ်းများတွင် ထည့်သွင်းပေးရန်လည်း ကော်မရှင်ကတောင်းဆိုထားသည်။

၎င်းကျန်းမာရေးဝန်ထမ်းများသည် ကျောင်းသား ၊ ကျောင်းသူများအခြေအနေကို တာဝန်ရှိသူများနှင့်အတူ စောင့်ကြည့်လေ့လာရန်၊ရောဂါလက္ခဏာများစစ်ဆေးတွေ့ရှိပါက အသွားအလာကန့်သတ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ကလေးနှင့်မိသားစုဝင်များကိုနှစ်သိမ့်ဆွေးနွေးရန်၊ အခြားကလေးများနှင့်ထိတွေ့မှု ခြေရာခံရန်၊ရောဂါပြန့်ပွားမှုမရှိစေရေးတို့အတွက် မိသားစုနှင့်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို ထည့်သွင်း အကြံပြုပေးထားသည်။

အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ပြီး အထက်တန်းအဆင့်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သီတင်းနှစ်ပတ်အကြာတွင် အလယ်တန်းနှင့် မူလတန်းတို့ကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်သည်။

S-09