News

POST TYPE

NEWS

အုတ်တွင်းတွင် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဖြင့်ဆော့ကစားရာမှသေဆုံး
30-May-2020
တောင်ငူ၊ မေ ၃၀

အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာအုပ်စု ခပေါင်းဆည်ရွာတွင် မေလ ၂၉ ရက်နေ့ ည ၇ နာရီခန့်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး နေအိမ်တွင် ကြိုးဖြင့်ဆော့ကစားနေရာမှ လည်ပင်းအစ်ကာသေဆုံးခဲ့သည်ဟု အုတ်တွင်းမြို့မရဲစခန်းထံမှ သိရသည်။

“ထုတ်တန်းမှာ ကြိုးတန်းလမ်းနဲ့ ရုန်းကန်နေတာကို အကိုကတစ်ယောက်တွေ့လို့ဖြုတ်ပေးပြီး အောက်ချစစ်ဆေးကြည့်တော့ အသက်မရှိတော့ဘူး။ ကစားရင်းဖြစ်သွားပုံရပါတယ်”ဟု ရွှေလောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းနေ့ည ၇ နာရီခန့်က အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာအုပ်စု ခပေါင်းဆည်ရွာတွင် ကလေးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်းသတင်းအရ အုတ်တွင်းမြို့မရဲစခန်းမှတာဝန်ရှိသူများက သက်သေများအတူသွားရောက်စစ်ဆေးခဲ့ရာ ဟန်ထွန်းအောင် (၁၁ နှစ်) သည် နေအိမ်အမြင့် ၇ ပေ ၃ လက်မရှိထုတ်တန်းတွင် ၁၁ ပေခန့်ရှိသော နှစ်ပင်လိမ်ကြိုးဖြင့် လည်ပင်းကိုရစ်ပတ်မိထားပြီး ရုန်းကန်နေသည်ကို အကိုတော်စပ်သူက မြင်တွေ့ခဲ့ရသဖြင့် ကြိုးကိုဖြုတ်ချပေးခဲ့သော်လည်း သေဆုံးနေသည်ကိုသာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု အုတ်တွင်းမြို့မရဲစခန်းထံမှ သိရှိရသည်။

ဟန်ထွန်းအောင်သေဆုံးမှုနှင့်ပတ်သက်၍ အုတ်တွင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၇/၂၀၂၀ ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေသည်ဟု အဆိုပါရဲစခန်းထံမှ သိရသည်။

R-02