News

POST TYPE

NEWS

မူကြိုများအားလုံး ဇွန်လ ၁၅ ရက်နေ့အထိ ဆက်လက်ပိတ်ထားရန် ညွှန်ကြား
30-May-2020
ရန်ကုန်၊ မေ ၃၀

မူကြိုကျောင်းများအားလုံးနှင့် နေ့ကလေးထိန်းဌာနများအား၏ ခေတ္တကျောင်းပိတ်ထားခြင်းအား ဇွန်လ ၁၅ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ကြေညာသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် မူလတန်းကြိုကျောင်းများ ၊ နေ့ကလေးထိန်းဌာနများ ၊ မိခင်ဝိုင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျှက်ရှိသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကနေ့ကလေးထိန်းဌာနများအား ယခင်က မေလ ၃၁ ရက်နေ့အထိသာ ပိတ်ထားရန် ညွှန်ကြားခဲ့သည်။

လက်ရှိ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ထားသော စည်းမျဉ်း ညွှန်ကြားချက်များကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ တိုးမြှင့်လိုက်သည့်အတွက် ၎င်းကျောင်း ၊ ဌာနများကိုလည်း ဇွန်လ ၁၅ ရက်နေ့အထိ ဆက်လက်ပိတ်ထားရန် သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အဆိုပါ မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ်ရမည်ဆိုပါက ထပ်မံအသိပေးအကြောင်းကြားသွားမည်ဖြစ်ပြီး သတ်မှတ်ရက်မတိုင်မီ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်သောကျောင်းများရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မည်ဖြစ်ရာ ၎င်းကျောင်းများသည် အထက်အတန်းအဆင့်မှ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မေလ ၃၀ ရက်နေ့နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ၁၇ ဦးထပ်မံတွေ့ရှိရသည့်အတွက် စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ၂၂၄ ဦးအထိရှိလာပြီး ၂ ကြိမ်ဆက်ရောဂါပိုးမတွေ့သူ ၁၃၀ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

S-09