News

POST TYPE

NEWS

အမျိုးသားဥယျာဉ်အတွင်းရှိ သစ်ပင်အချို့ ခိုးလှဲခံရ
30-May-2020


မုံရွာ၊ မေ ၃၀

ယင်းမာပင်ခရိုင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း လွန်ခဲ့သည့်လေးရက်ခန့်က သက်တမ်းရင့်ကုက္ကိုပင်တစ်ပင် ခုတ်လှဲခံထားရသည့်အတွက် သဘာဝသစ်ပင်အား ခိုးယူရန်ကြံစည်သူများကို စုံစမ်းရှာဖွေနေကြောင်း ဥယျာဉ်အုပ်ချုပ်ရေးရုံးထံမှ သိရသည်။ 

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အပိုင် ယာကြီးကားလမ်းဘေး မိုင်တိုင် ၉၂/၅၀ဝ ကီလိုမီတာရှိ ကွေ့အဆင်းမှ သစ်ပင်ကြီးအား ခိုးယူရန်ခုတ်လှဲထားခြင်းဖြစ်ရွေ့ ကျူးလွန်သူများကိုအမှုဖွင့်မည်ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောကြားသည်။

“ဒီရက်ပိုင်းမှာ ဖမ်းဆီးရေးတွေဆက်တိုက်လုပ်နေတာကို အာရုံလွှဲတဲ့အနေနဲ့လုပ်တာဖြစ်နိုင်ပါတယ်။ သဘာဝသစ်ပင်ကို ခိုးယူဖို့ကြံစည်ပြီး ခုတ်တာမို့ အမှုဖွင့်ရပါမယ်”ဟု ၎င်းကရှင်းပြသည်။ 

အမျိုးသားဥယျာဉ်အတွင်း မေလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ သစ်ခိုးထုတ်မှုလေးမှုမှ ကျူးလွန်သူ ၁၂ ဦးနှင့်အတူ ၁၂ ဘီးယာဉ်တစ်စီး ၊ နွား ၁၄ ကောင်၊ ချိမ်းဆောတစ်ခု ၊ ပိတောက်သစ်လေးတန်၊ သစ်တုံးငါးတုံး ဖမ်းဆီးရမိသဖြင့် ကနီရဲစခန်းသို့ပို့အပ်ထားသည်ဟု အမျိုးသားဥယျာဉ် သစ်ဖမ်းဆီးရေးအဖွဲ့ထံမှသိရသည်။ 

R-08