News

POST TYPE

NEWS

ပုဂံ-ညောင်ဦးဒေသရှိဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ဆေးမည်
29-May-2020
မန္တလေး၊ မေ ၂၈

ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင်ရန် မေလ ၂၉ (ယနေ့) မှစ၍ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

COVID-19 ကြောင့် ဧပြီလပထမပတ်ကစ၍ ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်များပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ဟိုတယ် ၁၁ လုံးက ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားကြောင်း၊ ယင်းဟိုတယ်များကို စည်းကမ်းချက်များညီမညီ စစ်ဆေးမည်ဖြစ်ကြောင်း  ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာရွှေစင်ထိုက်က ပြောကြားသည်။

"သူတို့လည်းဆန္ဒရှိနေပြီဆိုတော့ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးတို့နဲ့ညှိပြီးတော့မှ စစ်ပေးမှာပါ။ စစ်ဆေး ခံဖို့အသင့်ဖြစ်ပါပြီဆိုတဲ့ဟိုတယ် မနေ့ကအထိ ၁၁ လုံးရှိတယ်။ ဒါတွေကိုအရင်စစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဟိုတယ်က အဆင်သင့်ဖြစ်မှ စစ်ရတာအဆင်ပြေမှာ။ အဆင်သင့် မဖြစ်သေးတဲ့ဟိုတယ်ကို သွားစစ်လို့မရဘူး" ဟု ၎င်းကရှင်းပြသည်။

စစ်ဆေးရာတွင် စည်းကမ်းသတ်မှတ်ချက် ၅၇ ချက်နှင့်ညီမညီ စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်များကို  မန္တလေးတိုင်းအစိုးရအဖွဲ့၊ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့သို့ တင်ပြရမည်ဖြစ်ရာ ဖွင့်ခွင့်ပြုမပြုကိုမူ တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။

ပုဂံ-ညောင်ဦးဒေသတွင် ဟိုတယ်ခရီးလိုင်စင်ရ ဟိုတယ်၊ တည်းခိုရိပ်သာ စုစုပေါင်း ၁၀ဝ ကျော်ရှိသည်။      

ရတီ