News

POST TYPE

NEWS

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းရန် လွှတ်တော်သို့ အဆိုတင်
28-May-2020
နေပြည်တော်၊ မေ ၂၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း ဆိုသည့်အချက်များနှင့် ငြိစွန်းသည်ဟုဆိုကာ တာဝန်မှရုပ်သိမ်းရန် မေလ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကိုကျေပွန်စွာမဆောင်ရွက်ခြင်း ဆိုသည့်အချက်များနှင့် ငြိစွန်းကြောင်း တွေ့ရှိရသဖြင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးရန် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အပိုဒ်ခွဲ(က)အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန်အဆိုကို ဦးစိုင်းထွန်းစိန်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌထံ မေလ ၁၇ ရက်နေ့တွင် တင်သွင်းလာကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ယင်းအဆိုလွှာတွင် ဦးတီခွန်မြတ်သည် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၆ (က)ပါ အရေးကြီးအဆို စည်းကမ်းချက်နှင့်မကိုက်ညီဘဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး (၂၀ဝ၈ ခုနှစ်) ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့်ဖွဲ့စည်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၃ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိဘဲ ဆန့်ကျင်၍ နိဒါန်းမှ ဇယား ၅ အထိပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ကို ဒုတိယအကြိမ်ပြင်ဆင်သည့်မူကြမ်းများအား ဦးသိန်းထွန်း ကျောင်းကုန်းမဲဆန္ဒနယ်၊ ဒေါက်တာမောင်သင်း မိတ္ထီလာမဲဆန္ဒနယ်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နှင့် ဦးစိုင်းသန်းနိုင်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ ဦးတီခွန်မြတ်က ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၅ ၊ ၄၃၆ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ပျက်ကွက်ခြင်း ၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ အရ အများပြည်သူများနှင့်သက်ဆိုင်သော လောလောဆယ် အရေးကြီးကိစ္စဖြစ်သည့် အဆိုများကိုခွင့်မပြုခြင်းကြောင့်ဖြစ်ကြောင်း ဦးစိုင်းထွန်းစိန်၏ တင်ပြချက်များတွင် ထည့်သွင်းထားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ကာလအတွင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃ အရ အများပြည်သူနှင့်သက်ဆိုင်သော လောလောဆယ် အရေးကြီးကိစ္စဖြစ်သည့် အဆိုများကို ဆွေးနွေးရန်ခွင့်မပြုခြင်း စသည့်ကိစ္စများလည်းရှိကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့် ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း ဆိုသည့်အချက်များနှင့် ငြိစွန်းကြောင်းတွေ့ရှိရသဖြင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ၎င်းအားတာဝန်မှ ရုပ်သိမ်းပေးပါရန် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပြည်သူ့လွှတ်ကိုယ်စားလှယ် ၁၁၀ ဦး ကိုယ်စားတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့(မေလ ၂၉ ရက်) နောက်ဆုံးထား၍ ပြည်သူ့လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

မင်းသုခိုင်