News

POST TYPE

NEWS

အင်္ဂလန်လိဂ်-၂ကလပ် မိုကမ်ဘီအသင်း နောက်ခံလူ ခရစ္စတီယန်အမ်ဘူလူ သေဆုံး
28-May-2020


အင်္ဂလန်၊ မေ ၂၇

မိုကမ်ဘီအသင်းနောက်ခံလူ အမ်ဘူလူသည်ပြီးခဲ့သည့် အင်္ဂါနေ့လည်ပိုင်းက သေဆုံးခဲ့ကြောင်း  Dailymail ကဖော်ပြခဲ့သည်။ 

အသက် ၂၂ နှစ်အရွယ် မီဝေါလ်နှင့် မားသားဝဲလ်အသင်း ကစားသမားဟောင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ခရူဝီအသင်းမှထွက်ခွာပြီး လိဂ်-၂ကလပ် မိုကမ်ဘီသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ 

"ခရစ္စတီယန်ဟာ လူကြိုက်များတဲ့အသင်းဝင်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ အချိန်မတန်ဘဲ အခုလိုရုတ်တရက် သေဆုံးခဲ့တာဟာ ကျွန်တော်တို့အားလုံးအတွက် ထိတ်လန့်စရာဖြစ်ပါတယ်။ သူနဲ့ရင်းနှီးကျွမ်းဝင်သူ အားလုံးဟာ ဒီဆုံးရှုံးမှုအတွက် နာကျင်ခံစားရပါလိမ့်မယ်"ဟု မိုကမ်ဘီအသင်း တရားဝင်ဝက်ဘ်ဆိုက်ဒ်မှ ရေးသားဖော်ပြခဲ့သည်။ 

မားသားဝဲလ်အသင်း ဥက္ကဋ္ဌ မက်မဟွန်းက "ခရစ္စတီယန်သေဆုံးတယ်ဆိုတဲ့သတင်းကိုကြားရတာက ကျွန်တော်တို့ကို တုန်လှုပ်စေပါတယ်။ သူကရင်းနှီးဖော်ရွေပြီး အေးအေးဆေးဆေးနေတတ်တဲ့လူငယ် တစ်ယောက်ပါ။ ဒီလိုမယုံကြည်နိုင်လောက် အောင် ခက်ခဲတဲ့အချိန်မှာ ငါတို့ရဲ့အတွေးတွေက သူ့မိသားစုနဲ့အတူ ရှိနေပါလိမ့်မယ်" ဟု ဝမ်းနည်းစကားဆိုခဲ့သည်။ 

အမ်ဘူလူသည် ၂၀၁၉-၂၀ ဘောလုံးရာသီတွင် မိုကမ်ဘီအသင်းအတွက် ၃ ပွဲသာပါဝင်ခွင့်ရထားသူဖြစ်ပြီး မည်ကဲ့သို့ သေဆုံးခဲ့သည်ကို အတိအကျဖော်ပြခြင်းမရှိခဲ့ပေ။ 

၎င်း၏ မိုကမ်ဘီအသင်းဖော်များမှာလည်း အမ်ဘူလူ သေဆုံးခဲ့ခြင်းအပေါ် အံ့အားသင့်ခဲ့ကြပြီး ဝမ်းနည်းကြောင်းနှင့်ဆုတောင်းစာများ အသီးသီးပေးပို့ခဲ့ကြသည်။

ငြိမ်းပြည့်