News

POST TYPE

NEWS

နည်းပြဦးမင်းသူ၏ နေရာတွင် နည်းပြ ဦးချစ်နိုင်ကို မြန်မာယူ-၁၆ အသင်း နည်းပြအဖြစ် ပြောင်းလဲခန့်အပ်
28-May-2020


ရန်ကုန်၊ မေ ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအစည်းအဝေးကို မေလ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီးနောက် နည်းပြ ဦးမင်းသူ၏ နေရာတွင်နည်းပြ ဦးချစ်နိုင်ကို မြန်မာယူ-၁၆ အသင်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန် ချက်အရသိရသည်။ 

မြန်မာယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနှင့် ရှမ်းယူနိုက်တက် နည်းပြဟောင်း ဦးမင်းသူမှ ကိုင်တွယ်နေသော်လည်း မေလ ၂၅ ရက်က ပြုလုပ်ခဲ့သည့် နည်းစနစ်ကော်မတီအစည်းအဝေးတွင် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၂အသင်းမှ လက်ထောက်နည်းပြ ဦးချစ်နိုင်ကို မြန်မာ ယူ-၁၆ အသင်း၏ နည်းပြချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာယူ-၁၆ အသင်း နည်းပြ ဦးချစ်နိုင်က"အသင်းကိုကိုင်တွယ်ရာမှာ ကျွန်တော့်အနေနဲ့ စည်းကမ်းပိုင်းမွန်ဖို့ကိုပဲ အဓိကထားပြီး ကိုင်တွယ်မှာပါ၊ ကျွန်တော့်အနေနဲ့ လူငယ်ကစားသမားတွေကို သင်ကြားပေးရတာကို နှစ်သက်ပါတယ်၊အကောင်းဆုံးကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။ 

နည်းပြဦးချစ်နိုင်ကိုင်တွယ်မည့် မြန်မာယူ-၁၆ အသင်းမှာ ၂၀၂၀ မြန်မာ နေရှင်နယ်လိဂ် ယူ-၁၉ အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအစည်းအဝေးတွင် မြန်မာအမျိုးသားဖူဆယ်အသင်း နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ရှးတင်မြင့်အောင်တို့ကို ခန့်အပ်ခဲ့သည်။

ဇော်သုတ