News

POST TYPE

NEWS

ပြည်ပမှ အသုံးပြုပြီးစက်ပစ္စည်းများ တင်သွင်းခွင့်ပြု
26-May-2020
ရန်ကုန်၊ မေ ၂၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန် ၂၀၂၀ ပြည့်နှစ်တွင် အသုံးပြုပြီး စက်ပစ္စည်းများကို ဆက်လက်တင်သွင်းခွင့်ပြုလိုက်သည်။

အသုံးပြုပြီးစက်ပစ္စည်းများကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြုပြင်ထားခြင်းမရှိဘဲ တိုက်ရိုက်အသုံးပြုနိုင်သည့် အသုံးပြုပြီးစက်ပစ္စည်းများကို အထူးကိစ္စရပ်အနေဖြင့် တင်သွင်းခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း စီးပွား။ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်းတွင်အသုံးမတည့်သည့် စက်ပစ္စည်းများစုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်ပေါ်စေရန်နှင့် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ အသုံးပြုပြီးသည့်နှစ် ၁၀ နှစ်ထက်မပိုသည့် အသုံးပြုပြီး စက်ပစ္စည်းများကို တင်သွင်းလိုသည့်လုပ်ငန်းရှင်များသည် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်သည်။

တင်သွင်းမှုအထောက်အထားဖြစ်သည့် ကုန်အမှာလွှာ သို့မဟုတ် အရောင်းအဝယ်စာချုပ်တွင် စက်ပစ္စည်း၏ စံချိန်စံညွှန်း အပြည့်အစုံများဖြစ်သည့် အမှတ်တံဆိပ်၊ စက်စွမ်းရည်၊ ထုတ်လုပ်သည့်ခုနှစ်၊ ထုတ်လုပ်သည့်နိုင်ငံ၊ စက်၏သုံးစွဲသည့်စွမ်းအင် သို့မဟုတ် လောင်စာ (လျှပ်စစ်၊ ရေနွေးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့စသည်များ) နှင့် စက်ပစ္စည်း၏ အသုံးပြုနိုင်သည့် အရည်အသွေးသည် နည်းပညာ ၈၀ ရာခိုင်နှုန်းထက်မနည်းသည့် အရည်အသွေးရှိရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အဆိုပါအသုံးပြုပြီး စက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတင်သွင်းရမည်ဖြစ်ပြီး စက်မှုဖွံဖြိုးပြီးသည့်နိုင်ငံမှ ခေတ်မီနည်းပညာဖြင့် ထုတ်လုပ်သည့်စက်ပစ္စည်းဖြစ်ရန်၊ စက်ပစ္စည်း၏ သုံးစွဲနိုင်သည့်ကြံ့ခိုင်မှုနှင့်စပ်လျဉ်း၍ ဆိပ်ကမ်းဆိုက်ရောက်သည့်ရက်မတိုင်မီ ခြောက်လအတွင်း စစ်ဆေးထားသည့် သင်္ဘောမတင်မီ စစ်ဆေးခြင်းလက်မှတ် ပါရှိရမည်ဖြစ်သည်။

စက်ပစ္စည်းတင်သွင်းမည့် လုပ်ငန်းရှင်များအနေနှင့် ကုန်ထုတ်လုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် (ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မိတ္တူကူးစက်၊ တီဗီအစရှိသည့်) အိမ်သုံးစက်ပစ္စည်းများ၊ မိမိတို့ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုရန်မဟုတ်ဘဲ စီးပွားဖြစ်ပြန်လည်ရောင်းချရန်ရည်ရွယ်ချက်ဖြင့် တင်သွင်းမည့်အသုံးပြုပြီး စက်ပစ္စည်းများကို တင်သွင်းခြင်းမပြုရန်နှင့် တင်သွင်းလာသည့်အသုံးပြုပြီး စက်ပစ္စည်းကို လျှောက်ထားချက်ပါအချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း စီးပွား။ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

စစ်ဆေးချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခံရမည်ဖြစ်ပြီး အသုံးပြုပြီးစက်ပစ္စည်းများတင်သွင်းခွင့်ပြုခြင်းကို ပြည်တွင်းလိုအပ်ချက်၊ ဈေးကွက်အနေအထား၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အခြေအနေစသည်တို့ အပေါ်မူတည်၍ ပြောင်းလဲပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

S-07