News

POST TYPE

NEWS

ကျပ်သန်း ၃၀,၀၀၀ နီးပါးကုန်ကျမည့် ပုသိမ်တံတားအမှတ်-၂ ဇူလိုင်လအတွင်း ပြီးမည်
26-May-2020


ပုသိမ်၊ မေ ၂၅ 

ပုသိမ်မြစ်(ငဝန်မြစ်)ကိုဖြတ်၍ အသစ်တည်ဆောက်လျက်ရှိသော ကျပ် ၂၈,၅၀၀ သန်း ကုန်ကျမည့် ပုသိမ်တံတား အမှတ်-၂ တည်ဆောက်ရေးလုပ်ငန်းများ ဇူလိုင်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ယင်းတံတားကို တည်ဆောက်နေသည့် တံတားအထူးအဖွဲ့ ၁၆ ထံမှ သိရသည်။

ပုသိမ်ဘက်ကမ်းတွင် တည်ဆောက် နေသည့် ချဉ်းကပ်တံတား ၁၅၂ ပေ ၆ လက်မမှာ ကွန်ကရစ်ခင်းရန်နှင့် ဆေးသုတ် ရန်သာကျန်ရှိပြီး စိန်ကုန်းဘက်ကမ်းရှိ ချဉ်းကပ်တံတား ၇၂၅ ပေမှာမူ ၉၅ ရာခိုင် နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အလယ်ပင်မ တံတား သံပေါင်ကို ဧပြီလ ၂၀ ရက်နေ့က တပ်ဆင်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် ပင်မ တံတားကြီး၏ အလယ်ခုံး အပေါ်သံပေါင် တပ်ဆင်ပြီးပြီဖြစ်၍ တည်ဆောက်ရေး လုပ်ငန်းတစ်ခုလုံး၏ ၈၈ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့ ၁၆ မှ ညွှန်ကြားရေးမှူး ဒေါ်သစ်သစ်အောင် က ပြောကြားသည်။ 

“အလယ်သံပေါင်ခုံး ပိတ်သွားပြီဆို တော့ အကြမ်းဖျင်းတော့ တံတားသံပေါင်ကြီး ပြီးသွားပြီလို့ ဆိုလို့ရတာပေါ့။ ဒါပေမဲ့ ရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းတွေ ကျန်ပါသေးတယ်။ တံတားတစ်စင်းလုံး ပြီးသွား ဖို့ဆိုတာကတော့ ဇူလိုင်လထဲမှပြီးမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ပုသိမ်တံတား အမှတ်-၂ ကို ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပုသိမ်-မုံရွာ-ရေဦး လမ်းမဆုံရာ မေတ္တာဦး သင်္ဘောဆိပ်ခံတံတားဟောင်း နေရာမှ ငဝန်မြစ်ကိုဖြတ်၍ ပုသိမ်မြို့တစ်ဖက်ကမ်း အမှတ် ၉ ရပ်ကွက်ရှိ စိန်ကုန်းကူးတို့ဆိပ် နေရာကို ဆက်သွယ်ဖောက်လုပ်ထားခြင်း ဖြစ်သည်။

ပုသိမ်တွင် ကြိုးတံတားရှိပြီးဖြစ်သော်လည်း ခံနိုင်ဝန်လျော့ကျလာသဖြင့် တံတားသစ်တစ်စင်း တည်ဆောက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက The Voice Daily သို့ ပြောကြားသည်။

“တံတားသစ်ကို မြို့ထဲမှာတည် ဆောက်ရတာက ပုသိမ်မြို့က နောင် Develop ဖြစ်လာမယ်၊ လူဦးရေ များ လာမယ်။ မြို့တစ်ဖက်ကမ်းကပါ Down Town တည်းမှာ ပါသွားအောင်။ ပြီးတော့ မြို့တစ်ဖက်ကမ်းလည်း ဒီဘက်နဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာမယ်။ စီးပွားရေး၊ လူမှုရေး၊ သွားလာရေးကအစ လွယ်ကူသွားစေတာပေါ့”ဟု ၎င်းက ရှင်းပြသည်။ 

ပုသိမ်တစ်ဖက်ကမ်းရှိ ရပ်ကွက်ကြီး ၂ ခု၊ ကျေးရွာအုပ်စု ၇၅ စုနှင့် ကမ်းခြေမြို့ သုံးမြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် နေထိုင်သူများ သွားလာရေး ပိုမိုချောမွေ့ လာမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပုသိမ်တံတားအမှတ်-၂ သည် အရှည် ၂၃၈၀ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၅ ပေစီ ရှိကာ ပင်မတံတားတွင် သံမဏိသံပေါင် ခုံးများပါဝင်ကာ သံကူကွန်ကရစ်ဖြင့် တည်ဆောက်ထားကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်က ပန္နက်ရိုက်ကာ ပိုင်တိုင်စိုက်ထူပေးခဲ့ကြောင်း ဧရာဝတီတိုင်း အစိုးရရုံးထံမှ သိရသည်။

R-04