News

POST TYPE

NEWS

ပြည်တွင်းဘဏ်များ လုံခြုံရေးအတွက် အရေးပေါ်အချက်ပေးစနစ်တပ်ဆင်ရန် ဗဟိုဘဏ်တိုက်တွန်း
26-May-2020
နေပြည်တော်၊ မေ ၂၅

ပြည်တွင်းအခြေစိုက်ဘဏ်များ လုံခြုံရေးအတွက် နိုင်ငံတကာစံချိန်မီ အရေးပေါ်အချက်ပေးစနစ်ကို တပ်ဆင်ရန် ဗဟိုဘဏ်က တိုက်တွန်းထာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

“နိုင်ငံတကာဘဏ်များမှာ ကျင့်သုံး တဲ့ အရေးပေါ် အချက်ပေးစနစ် (Alarm Bell System) များ တပ်ဆင်ထားရှိရေး အစီအစဉ်များကိုလည်း သင့်လျော်သလို ချမှတ်ကျင့်သုံးသွားစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တိုက်တွန်းထားရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မေလ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်းက အစိုးရ ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ် ငွေသွင်းလာကြသောပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ချက်ကို သိလိုကြောင်း မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေနှင့် ဘဏ်များ၏ ငွေကြေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်တွင် ဘဏ်များ၏ လုံခြုံရေးကို ကဏ္ဍသုံးခုခွဲ ဆောင်ရွက်ရန် အသေးစိတ် အချက်အလက်များဖြင့် ညွှန်ကြားခဲ့ကြောင်း၊ ယင်းအပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ဘဏ်ခွဲဖွင့်လှစ်ရန် လျှောက်ထားချက်အတွက် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် ဖွင့်လှစ်မည့်ဘဏ်အတွက် လုံခြုံမှုရှိကြောင်း ထောက်ခံချက်တို့ကို ထည့်သွင်းဖော်ပြရန် ထုတ်ပြန်ခဲ့ကြောင်း ဦးစိုးမင်းက ဆိုသည်။

ဘဏ်ခွဲများကို စီးပွားရေးအရ ဖြစ်နိုင်ခြေ သုံးသပ်ချက်၊ ဒေသဆိုင်ရာ စီးပွားရေး အထောက်အကူပြုမှု၊ ဘဏ် လုံခြုံရေး၊ ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်း လုံခြုံရေးကို စီစဉ်ထားရှိခြင်း ရှိ၊ မရှိ တင်ပြ ချက်ကို စိစစ်သုံးသပ်ပြီးမှ ဘဏ်ခွဲများ ဖွင့်လှစ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဖွင့်လှစ်ထားသည့်ဘဏ်များ အနေနှင့်လည်း ငွေထုတ်ငွေသွင်းလာသူများ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစေရေးအတွက် ဘဏ်လုံခြုံရေးဝန်ထမ်းများ ထားရှိစောင့်ကြပ်စေခြင်း၊ ဘဏ်အဆောက် အအုံပတ်ဝန်းကျင်တွင် ဝန်ဆောင်မှုပေးသည့် နေရာဌာနများ၌ CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်း၊ အဓိက ဝင်ပေါက် တစ်ပေါက်သာထားရှိပြီး Banking Hour ကုန်ဆုံးချိန်တွင် သော့ခတ်ပိတ်ခြင်း၊ နေ့ည လုံခြုံရေးဝန်ထမ်းများထားရှိခြင်း၊ လုံခြုံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာစေခြင်းနှင့် လုံခြုံရေးစီမံချက်များ ရေးဆွဲထားရှိစေခြင်းတို့ကို ဆောင်ရွက်ထားရှိစေကြောင်း ဒုဥက္ကဋ္ဌက ထပ်လောင်းပြောကြားခဲ့သည်။

S-01