News

POST TYPE

NEWS

ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သားများ ပြန်လာခွင့်ရရန် ညှိနှိုင်းနေဟုဆို
25-May-2020

ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး 

တောင်ငူ၊ မေ ၂၅

ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားများ ပြည်တွင်းသို့ပြန်ဝင်ခွင့်ရရန် ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းနေပြီး ကျန်းမာရေးစစ်ဆေးပြီးပါက ပြန်လည်လွှဲပြောင်းပေးမည်ဟု ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ပြောကြားသည်။

“စာရင်းတွေက ရှိပြီးသားဖြစ်ပါတယ်။ ထိုင်း IDC နဲ့ ညှိနှိုင်းနေပြီ။ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေ စနစ်တစ်ကျဆောင်ရွက်ပြီးရင် နှစ်နိုင်ငံယာယီထိန်းသိမ်းထားသူတွေ ပြန်လွှဲပေးတဲ့နည်းလမ်းအတိုင်း မြန်မာပြည်ကို အမြန်ဆုံးလွှဲပြောင်းပေးမှာပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနက် အထောက်ထားရှိ လုပ်သား ၃၀၀၀၀ ကျော် နေရပ်ပြန်ရန် စာရင်းပေးထားပြီး မေလ၂၂ ရက်နှင့်၂၃ ရက်နေ့က ပြန်လည် စေလွှတ်လိုက်သူ ၄၀၀၀ ကျော်ရှိပြီဟု မြန်မာအလုပ်သမား သံအရာရှိရုံး၏ စာရင်းများအရ သိရသည်။

MOU စာချုပ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြည်တွင်းသို့ပြန်ရန် စာရင်းပေးထားသူများကို မေလ ၂၂ ရက်နေ့ညပိုင်းကစ၍ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရှိ မော်ချစ်ကားဂိတ်မှတစ်ဆင့် မဲဆောက်သို့ ခရီးသည်တင်ကားများဖြင့် ပြန်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ပြန်ကြမည့် မြန်မာနိုင်ငံသားများအနေနှင့် ထိုင်းနိုင်ငံခြားရေးဌာနတွင်ငွေသွင်းပြီးပါက အချက်လက်ပြည့်စုံပြီး ခွင်ပြုမိန့်ရသူစာရင်းကို Myanmar Labor Attaches Office ရုံးက ကြေညာပေးထားပြီး ပြန်ခွင့်ရသူများသည် မဟာချိုင်ရပ်ရှိ မော်ချစ်ကားဂိတ်သို့ ညနေ ၅ နာရီမတိုင်မီ ရောက်နေရမည်ဟု အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

“ကျွန်တော်ဆို သူဌေးကညစ်လို့ စာအုပ် (ပတ်စ်ပို့) ပျောက်သွားတယ်။ အခု အမျိုးသမီးကလည်းကိုယ်ဝန်နဲ့။ ပြန်ချင်တယ်”ဟု ရနောင်းမြို့နှင့် နှစ်နာရီခန့် ကားစီးရသည့်မြို့တွင် အလုပ်လုပ်နေသူ စောမိုးမြင့်သူက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်နေသည့် မြန်မာရွေ့ပြောင်းလုပ်သား ၂ သန်းနီးပါးရှိနေပြီး မဟာချိုင်ရှိ စက်ရုံများ၌ပင် ၆၀၀၀၀ နီးပါးရှိနိုင်ကြောင်း မြန်မာရွေ့ပြောင်းအလုပ်သမားအခွင့်ရေး ကာကွယ်ရေးကွန်ရက်ထံမှ သိရသည်။ 

R-02