News

POST TYPE

NEWS

ထိပ်တန်းလိဂ် ၃ ရပ်ကို သြဂုတ် ၂၀ တွင် အဆုံးသတ်ပြီး စက်တင်ဘာ ၁ ရက်နေ့၌ ရာသီသစ်ပြန်စရန် အီတလီဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်ထား
22-May-2020


အီတလီ၊ မေ ၂၁

စီးရီးအေအပါအဝင် အီတလီထိပ်တန်းလိဂ် ၃ ရပ်ကို သြဂုတ်လ ၂၀ ရက် အရောက်တွင် အဆုံးသတ်ကစားနိုင်ရန်  အီတလီဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်ဟု Dailymail ကဖော်ပြခဲ့သည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်အနေနှင့် ယခုရာသီပြီးဆုံးရေးအပြင် ရာသီသစ်ပြန်စရန်အတွက် ရက်သတ်မှတ်ချက်ကိုပါ ဆုံးဖြတ်ထားပြီး ၂၀၂၀-၂၁ ဘောလုံးရာသီကို စက်တင်ဘာ ၁ ရက်တွင် စတင်ရန်ရှိနေသည်။ 

လက်ရှိရာသီကိုပြီးခဲ့သည့်မေလတွင် ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့တိုင်အောင် ပြန်လာရန် အခြေအနေမရှိသေးပေ။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် အီတလီဘောလုံးအဖွဲ့ချုပ်အမှု ဆောင်အရာရှိ ဂရာဗီနာ အပါအဝင် စီးရီးအေပြိုင်ပွဲ ဥက္ကဋ္ဌ ပေါ်လိုဒယ်လ်ပီနို၊ စီးရီး-ဘီနှင့် စီးရီး-စီ အမှုဆောင်များသည် ပွဲစဉ်ဇယား ပြုပြင်ရေးဆွဲရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ 

လိဂ်ပြိုင်ပွဲများအပြင် ကိုပါအီတာလီယာဖလားပြိုင်ပွဲကို သြဂုတ်လအကုန်တွင်ကျင်းပနိုင်ရေးအတွက်ကိုပါ အီတလီဘောလုံးအဖွဲ့ချုပ် ဘက်မှခွင့်ပြုပေးဖွယ်ရှိနေသည်။ 

တစ်ချိန်တည်းမှာပင် အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက လိဂ်ပြိုင်ပွဲနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မေလ ၂၈ ရက်နေ့အစည်းအဝေးတွင် ထုတ်ပြန်သွားမည်ဟုအတည်ပြုခဲ့သည်။ 

"အီတလီဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ သြဂုတ်လ ၂၀ ရက်နေ့မှာ ပြိုင်ပွဲတွေကို အပြီးသတ် ပိတ်သိမ်းဖို့အတွက် စီးရီးအေ၊ ဘီနဲ့ စီ စတဲ့ပရော်ဖက်ရှင်နယ် အမျိုးသားဘောလုံးပွဲတွေကို နောက်ဆုံး ရက်သတ်မှတ်ပေးထားပြီး ပြိုင်ပွဲပြန်လည်စတင်ဖို့နဲ့ ပြီးမြောက်ဖို့ ဆန္ဒရှိပါတယ်။ အားကစားလှုပ်ရှားမှုတွေ ပြန်လည်စတင်တဲ့နောက်မှာ ပြိုင်ပွဲအပြီးသတ်မယ့်စံနှုန်း သတ်မှတ်ချက်တွေကို ဖက်ဒရယ်ကောင်စီက ဆုံးဖြတ်ပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ပိတ်ဆို့ခံရမှုရဲ့ရလဒ်အဖြစ် ၂၀၂၀-၂၁ ဘောလုံးရာသီကို စက်တင်ဘာ ၁ရက်နေ့ အရောက်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်"ဟု အီတလီဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်စာတွင် ပါရှိခဲ့သည်။       

ငြိမ်းပြည့်